မော်စကိုမြို့လယ် ဆန္ဒပြပွဲ မှ ဖမ်းဆီးမှု

  • 30 ဒီဇင်ဘာ 2014
russia_navalny_3 ဓာတ်ပုံ မူပိုင်
Image caption အလက်ဇီ နဗိုင်းနီး ကို ပြန်ဖမ်းလာ

ရုရှနိုင်ငံရဲ့ ထင်ရှားတဲ့ အတိုက်အခံ ခေါင်းဆောင်တယောက်ဖြစ်တဲ့ အလက်ဇီ နဗိုင်းနီး နဲ့ ညီဖြစ်သူ ကို ရုရှ အစိုးရ က သစ်ကုမ္ပဏီ လုပ်ငန်း အပေါ် ရူဘယ်လ် ၁၆ သန်း ငွေလိမ်လည် မှု နဲ့ မနေ့ က အမိန့် ချမှတ် လိုက်ပါတယ်။ ဒါကို မကျေနပ် လို့ အလက်ဇီ နဗိုင်းနီး က သူ့ ကို ပြီးခဲ့တဲ့ ဖေဖေါ်ဝါရီ လ ကတည်း က နေအိမ် အကျယ်ချုပ် ထားရာမှ ထွက်လာခဲ့ပြီး သမ္မတ ပူတင် အစိုးရ ကို ဆန့်ကျင် ဆန္ဒပြပွဲ ဆီ ထွက်လာခဲ့တာပါ။

ညီဖြစ်သူ အိုလက်နဗိုင်းနီး ကို တော့ အထက်ပါ အမှုနဲ့ ပဲ ၃ နှစ်ခွဲ ထောင်ချလိုက်ပါတယ်။ မော်စကိုမြို့တော် ရဲ့ ကရင်မလင် နန်းတော်ရှေ့ ရင်ပြင်မှာ ၂၀၀၀ ခန့် ရှိ တဲ့ ဆန္ဒပြသူတွေ ဟာ သုံညအောက် ၁၀ ဒီဂရီ အေးစိမ့်တဲ့ ရာသီဥတု ကို မမှုဘဲ၊ သူတို့ ညီအကိုနှစ်ယောက် ကို အမှုဆင် အပြစ်ပေးတာ ကို မကျေနပ်ကြလို့ ဆန္ဒပြကြတာပါ။

ဒီဆန္ဒပြ လူစု နဲ့ ပူးပေါင်းဖို့ နေအိမ်အကျယ်ချုပ် ကနေထွက်လာပြီးခါမှာ ရဲတွေက ပြန်ဖမ်းပြီး အိမ်ပြန်ပို့လိုက်တာပါ။ ဒါကြောင့်မို့ အလက်ဇီ နဗိုင်းနီး က ရုရှ အစိုးရ ဟာ စက်ဆုပ်ဖွယ်ကောင်းတဲ့ လူဆိုး သူခိုးတွေ၊ အဲဒီအတွက် မော်စကို မြို့သူ မြို့သားတွေ အနေနဲ့ မော်စကို မြို့လယ် က ရင်ပြင်မှာ ကန့်ကွက် ဆန္ဒပြကြပါ၊ အခု မလုပ်ရင်လည်း နောင် ကို ဆန္ဒပြကြရမှာ ပဲ၊ ဒီသူခိုးဂိုဏ်းဟာ ပြည်သူတွေ ကို ဒီလိုပဲ အနိုင်ကျင့် နေမှာပဲ လို့ သူ့ကိုဖမ်းသွားတဲ့ ရဲ အချုပ်ကားပေါ်ကနေ အော်ဟစ်သွားတာပါ။

အလက်ဇီ နဗိုင်းနီး ဟာ ပြီးခဲ့တဲ့ နှစ် မော်စကို မြို့တော်ဝန် ရွေးကောက်ပွဲ မှာ ဒုတိယ မဲအများဆုံး ရခဲ့တာပါ။ ဒါပေမဲ့ သမ္မတ ပူတင် ဟာ သူ့ကို ယှဉ်လာပြီး၊ ဆန့်ကျင်မှု ပြုလာရင် လက်ဦးမှု ယူပြီး နှိမ်နင်းလေ့ ရှိပါတယ်။

အမေရိကန် နိုင်ငံခြားရေး ဌာန မှ ပြောခွင့်ရ ပုဂ္ဂိုလ် ဂျက်ဖ် ရက်သ်ကီးကလည်း အလက်ဇီ နဲ့ အိုလက် နဗိုင်းနီး တို့ အပေါ် မှာ အပြစ်ဒဏ် ချမှတ်မှုဟာ စိတ်အနှောက်အယှက်ဖြစ်စရာ ကောင်းတဲ့ အကြောင်း၊ ရုရှ အစိုးရ ဟာ နောက်ထပ်လည်း သူတို့ကို ဆန့်ကျင်မှု ပြုတဲ့ လူတွေ အပေါ်မှာ ဒီလိုပဲ အပြစ်ပေး ပြီး နိုင်ငံရေး လှုပ်ရှားမှု မှန်သမျှ ကို ပိတ်ပင်တားဆီးမှု တွေ ပြုတော့မှာပါ၊ ဒါတင်မကပါဘူး။ မီဒီယာ၊ အရပ်သား လူ့အဖွဲ့အစည်း နဲ့ လူနည်းစုတွေ၊ နိုင်ငံရေး သမားတွေ အပေါ် မှာ ကန့်သတ် ချုပ်ချယ်မှု တွေ တိုးပြီး လုပ်မှာ ကို စိုးရိမ်လာတာပါ လို့ ပြောသွားပါတယ်။ ဒီသတင်း ကို မော်စကို မှ ဘီဘီစီ သတင်းထောက် စတိဗ် ရိုဇင်ဘဂ် က ပေးပို့လိုက်တာပါ။