အမေရိကန်ကို မြောက်ကိုရီးယား တုံ့ပြန် သတိပေး

  • 4 ဇန်နဝါရီ 2015
ဓာတ်ပုံ မူပိုင် AP
Image caption သမ္မတ အိုဘားမား ဟာ ဒဏ်ခတ် အရေးယူမှု အသစ်တွေကို သောကြာနေ့ က ချမှတ်

အမေရိကန် ကနေ မြောက်ကိုရီးယား အပေါ် ဒဏ်ခတ် ပိတ်ဆို့မှု အသစ်တွေ ချမှတ် တာဟာ ရန်လိုတဲ့ လုပ်ရပ် ဖြစ် ပြီး ဆန့်ကျင်ဖက် ရလဒ်ကို ဖြစ်စေ လိမ့်မယ်လို့ မြောက်ကိုရီးယားက သတိပေး ပြောကြား လိုက် ပါတယ်။

အခုလို အရေးယူမှု ကြောင့် မြောက်ကိုရီးယား နိုင်ငံရဲ့ စစ်ရေး ဆိုင်ရာ ရပ်တည်ချက် တွေ အပေါ် ပိုပြီး အားကောင်း စေ ဖို့သာ ရှိတယ် လို့ မြောက် ကိုရီးယား နိုင်ငံခြားရေး ဝန်ကြီး ဌာန ပြောခွင့် ရသူက ပြောပါတယ်။

အမေရိကန် တို့ရဲ့ အရိုးစွဲ နေတဲ့ ရန်လို မှုကို ပြတဲ့ လက္ခဏာ ဖြစ်တယ်လို့ နိုင်ငံခြား ရေး ဌာနရဲ့ ထုတ်ပြန် ချက်ကို မြောက်ကိုရီးယား နိုင်ငံပိုင် ရုပ်သံက ကြေငြာ သွား ပါတယ်။

သမ္မတ အိုဘားမား ဟာ ဒဏ်ခတ် အရေးယူမှု အသစ်တွေကို သောကြာနေ့ က ချမှတ် လိုက်တာ ဖြစ်ပြီး၊ အကြောင်း ကတော့ ဆိုနီ ရုပ်ရှင် ကုမ္ပဏီ ကို မြောက် ကိုရီးယား တို့က ဆိုက်ဘာ တိုက်ခိုက်မှု လုပ်တာ ကြောင့်လို့ ဆိုပါတယ်။

ဆိုနီ ရုပ်ရှင် ကုမ္ပဏီဟာ မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအန်းကို လုပ်ကြံတဲ့ The Interview ဆိုတဲ့ ဟာသ ကား ရိုက်ကူး ခဲ့တာကြောင့် ဆိုက်ဘာ တိုက်ခိုက် ခံရတာ ဖြစ်ပါတယ်။

မြောက်ကိုရီးယား သဘောထား ထုတ်ပြန်ချက် ထဲမှာတော့ The Interview ဆိုတဲ့ ရုပ်ရှင် ကားဟာ အချုပ် အခြာ အာဏာပိုင် နိုင်ငံ တခုကို ဆန့်ကျင် အကြမ်း ဖက်မှု လှုံ့ဆော် ပေးတဲ့ စိတ်ပျက် ဖို့ ကောင်းတဲ့ ရုပ်ရှင် ဖြစ်တယ် လို့လည်း ဝေဖန် လိုက် ပါတယ်။

ဒါပေမယ့် ဆိုက်ဘာ တိုက်ခိုက်မှုနဲ့ ပတ်သက်ပြီး မြောက်ကိုရီးယား ဘက် ကတော့ သူတို့နဲ့ မဆိုင် ဘူးလို့ ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ