အဲအေးရှား လေယာဉ်ပျက် ရှာဖွေမှု ဧရိယာ တိုးချဲ့

  • 6 ဇန်နဝါရီ 2015
ဓာတ်ပုံ မူပိုင် Getty
Image caption ၃၇ ဦးရဲ့ အလောင်းတွေကို တွေ့ရှိပြီး ဖြစ်

ဒီဇင်ဘာ ၂၈ ရက်နေ့က ပျက်ကျသွားတဲ့ အဲအေးရှား လေကြောင်းပိုင် လေယာဉ်ရဲ့ အပျက်အစီးတွေကို ရှာဖွေနေရာမှာ Black Box ကို ခုချိန်အထိ မတွေ့ရ သေးတဲ့အတွက် ရှာဖွေမှု ဧရိယာကို ထပ်မံ တိုးချဲ့ လိုက်တယ်လို့ အင်ဒိုနီးရှား ရှာဖွေ ကယ်ဆယ်ရေး အရာရှိ Henry Bambang Soelistyo က ပြောပါတယ်။

ရာသီဥတု အခြေအနေ တိုးတက် လာတဲ့အတွက် ရေငုပ် သမားတွေ ရေနက်ပိုင်းအထိ ဆင်းရှာနိုင်ပြီး ရေအောက် ရှာဖွေရေး ကိရိယာတွေကိုလည်း ချလိုက်ပြီလို့ သူက ပြောပါတယ်။

ရှာဖွေရေး အရာရှိတွေ အနေနဲ့ Black Box ရှိရာ လေယာဉ် အမြီးပိုင်း အပျက်အစီးရဲ့ တည်နေရာကို ရှာတွေ့ပြီလို့ ဆိုပေမယ့် ရာသီဥတု အခြေအနေကြောင့် မဆယ်ယူ နိုင်သေးဘဲ ရှိနေခဲ့ပါတယ်။

လေယာဉ် ပျက်ကျရတဲ့ အကြောင်းရင်း အသေးစိတ်ကို ခုချိန်ထိ မသိရသေးသလို လေယာဉ် ကိုယ်ထည်ကိုလည်း ခုချိန်ထိ မတွေ့ရှိသေးပါဘူး။

အဲအေးရှား လေယာဉ် QZ8501 ဟာ ဆူရာဘာယာ ကနေ စင်ကာပူကို လူ ၁၆၂ ဦး တင်ဆောင် ပျံသန်းစဉ် ပင်လယ်ပြင် အတွင်း ပျက်ကျခဲ့တာ ဖြစ်ပြီး ခုချိန်အထိ ခရီးသည် ၃၇ ဦးရဲ့ အလောင်းတွေကို ဆယ်ယူ နိုင်ခဲ့ပြီး ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ