သေ​နတ်​သမား ၂​ဦး​ကို ပြင်​သစ်​ရဲ​တွေ ည​အချိန်​ထိ ဆက်ရှာနေ

  • 8 ဇန်နဝါရီ 2015
france_manhunt ဓာတ်ပုံ မူပိုင် Reuters
Image caption ပါရီရဲ့ အရှေ့မြောက်ဘက် ပစ်ခါဒီ နယ်ထဲမှာ သေနတ်သမား ၂ ဦးကို တွေ့ခဲ့ကြလို့ ညအချိန် ထိ ပြင်သစ် လုံခြုံရေးတွေက အဲဒီ့နယ်ထဲ ရှာဖွေ နေကြပါတယ်။

ပြင်သစ်နိုင်ငံ ပါရီ မြို့တော် မှာ ဖြစ်ပွား ခဲ့တဲ့ ရှာလီအက်ဘ်ဒို သရော်စာ မဂ္ဂဇင်းတိုက် ကို တိုက်ခိုက် ခဲ့သူတွေ လို့ ယူဆ ရတဲ့ အစ္စလာမ်မစ် လက်နက်ကိုင် ၂ ဦးကို ဇန်နဝါရီ ၈ ရက် ကြာသပတေး နေ့ မှာ ပါရီမြို့တော် အရှေ့မြောက်ဘက် ကျေးလက် ဒေသမှာ မြင်ခဲ့ ကြသူတွေ ရှိတဲ့ အတွက် ညအချိန် တိုင်အောင် အဲဒီ့ ဒေသအတွင်း ရှာဖွေရေး တွေ အကြီး အကျယ် ပြုလုပ် နေကြ ပါတယ်။

ပစ်ခါဒီ နယ် လောင်ပွန်း ရွာ အနီးက လမ်းတွေကို လုံခြုံရေး တပ်ဖွဲ့ တွေက ပိတ်ဆို့ ထားပါတယ်။

လေယာဉ်ပျံ တွေပါ အသုံးပြု ရှာဖွေ နေကြပြီး အခင်း ဖြစ်ခဲ့ရာ ဗုဒ္ဓဟူးနေ့က စလို့ ပြင်သစ် နိုင်ငံ တဝှမ်းမှာ ရဲနဲ့ စစ်တပ် အဖွဲ့ဝင် ပေါင်း ၈ သောင်း ၈ ထောင် ချထားတယ် လို့ ပြင်သစ် ပြည်ထဲရေး ဝန်ကြီး ဘယ်နာ ခါ့ဇ်နက်ဗ် က ပြောပါတယ်။

ရှာလီအက်ဘ်ဒို ဖြစ်ရပ်ရဲ့ နောက်ဆက်တွဲ အကျိုးဆက် အနေနဲ့ အစ္စလာမ် ဘာသာရေး ဝတ်ကျောင်းတော် နဲ့ ဝတ်ပြုဆောင် အပါအဝင် မွတ်ဆလင်မ် ပစ်မှတ် တချို့ တိုက်ခိုက် ခံခဲ့ ရတာမှာ အဲဒီ့လို အကြမ်းဖက်မှု မျိုးကို သည်းညည်း ခံမှာ မဟုတ်ဘူး ဆိုပြီး ပြည်ထဲရေးဝန် ဘယ်နာ ခါ့ဇ်နက်ဗ် က ဆိုပါတယ်။

ရှာလီအက်ဘ်ဒို တိုက်ခိုက်မှု အတွင်း သေဆုံး ခဲ့ကြရသူ တွေနဲ့ တသွေး တသားတည်း ရှိကြောင်း ပြသကြဖို့ ပါရီ မြို့တော်သူ မြို့တော်သား တွေ ဟာ မြို့တော် ရဲ့ နာမည်ကျော် ရင်ပြင် ဖြစ်တဲ့ ပလာ့စ်ဒါ လာ ရပြူဘလိခ် မှာ ကြာသပတေးနေ့ ကလည်း စုဝေး ခဲ့ကြ ပြန်ပါတယ်။

နော့ထ် ထြာဒမ် ဘုရားကျောင်းကြီး ကနေ ခေါင်းလောင်း ထိုးပေး ခဲ့ပြီးတဲ့ နောက် တနိုင်ငံ လုံး တမိနစ် ငြိမ်သက် ခဲ့ကြပါတယ်။ အိုင်ဖယ်လ် မျှော်စင်ကိုလည်း မီးအမှောင် ချ ထားပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ