အီရတ် အလယ်ပိုင်းက ဆမ်မာရာမြို့ကို IS တွေ ဝင်တိုက်

  • 8 ဇန်နဝါရီ 2015
ဓာတ်ပုံ မူပိုင် Reuters
Image caption ဆမ်မာရာ မြို့က အီရတ် လုံခြုံရေး တပ်ဖွဲ့ဝင် တစ်ဦး

အီရတ်နိုင်ငံ အလယ်ပိုင်း ဆမ်မာရာ မြို့က အစိုးရ လုံခြုံရေး တပ်ဖွဲ့တွေကို IS အစ္စလာမ်မ္မစ် နိုင်ငံအဖွဲ့ စစ်သွေးကြွတွေက ဝင်ရောက် တိုက်ခိုက်ခဲ့လို့ လူ ၂ ဦး သေဆုံး သွားပြီး တခြား လူ ၃၀ နီးပါးလောက် ဒဏ်ရာ ရရှိသွားတယ်လို့ အီရတ် အရာရှိတွေက ပြောပါတယ်။

ဆမ်မာရာမြို့ အနောက်ပိုင်း အဝေးပြေး လမ်းမပေါ်က စစ်ဆေးရေး ဂိတ်တွေကို ပစ်မှတ်ထားပြီး အသေခံ ဗုံးခွဲ တိုက်ခိုက်မှု ၅ ကြိမ် ဆက်တိုက် ပြုလုပ် ခဲ့ကြတာလို့ သိရပါတယ်။

ဆမ်မာရာ မြို့ပေါ်ကို မော်တာတွေနဲ့ အရင်ဆုံး ပစ်ခတ်ခဲ့ပြီး နောက်မှ အသေခံ ဗုံးခွဲမှုတွေနဲ့ တိုက်ခိုက် ခဲ့ကြတာ ဖြစ်ပါတယ်။

အီရတ် စစ်သားတွေနဲ့ ရှီယာ စစ်သားတွေက မြို့ကို စစ်သွေးကြွတွေ သိမ်းပိုက်မယ့် ရန်က ကာကွယ် နိုင်ခဲ့ပြီး အမေရိကန် ဦးဆောင်တဲ့ လေကြောင်း တိုက်ခိုက်မှုတွေ အကူအညီနဲ့ တောင်ပိုင်းက မြို့ရွာ အချို့ကို ပြန်လည် သိမ်းပိုက် နိုင်ခဲ့တယ်လို့ သိရပါတယ်။

ဆမ်မာရာ မြို့ဟာ ဆွန်နီ မွတ်ဆလင်တွေ အဓိက နေထိုင်တဲ့ မြို့ဖြစ်ပေမယ့် ရှီယာ မွတ်ဆလင်တွေရဲ့ ဘာသာရေး အထွဋ်အမြတ် ထားရာ အရေးပါဆုံး ဒေသ တစ်ခု ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ