ပြင်​သစ် ချီ​တက်​ပွဲ​တွေ​မှာ လူ ၃ သန်းကျော် ပါ​ဝင်

  • 11 ဇန်နဝါရီ 2015
_bbc_ ဓာတ်ပုံ မူပိုင် bbc
Image caption ပြင်သစ်ပြည် သမိုင်းမှာ အင်အား အကြီးမားဆုံး ချီတက်ပွဲပဲ လို့ ပြင်သစ် အစိုးရ က ပြောပါတယ်။

ပြင်သစ်နိုင်ငံမှာ ပြီးခဲ့တဲ့ သီတင်းပတ် အတွင်း အစ္စလာမ်မစ် အစွန်းရောက် သမားတွေ ရဲ့ တိုက်ခိုက်မှု ခံခဲ့ရပြီးတဲ့ နောက် ဇန်နဝါရီလ ၁၁ ရက် တနင်္ဂနွေနေ့ က ပါရီမြို့တော် အပါအဝင် အခြား ပြင်သစ် မြို့တွေမှာ အကြမ်းဖက် ဝါဒ ကို ဆန့်ကျင်တဲ့ အပေါ် ညီညွတ် ပေါင်းစည်းမှု ကို ပြသတဲ့ ချီတက်ပွဲတွေ ပြုလုပ်ခဲ့ ကြပြီး လူပေါင်း ၃ သန်း မက ပါဝင် ချီတက် ခဲ့ကြပါတယ်။

ဒါဟာ ပြင်သစ်ပြည် သမိုင်းမှာ အင်အား အကြီးမားဆုံး ချီတက်ပွဲပဲလို့ ပြင်သစ် အစိုးရ က ပြောပါတယ်။

ပါရီ ချီတက်ပွဲ အတွင်း ကမ္ဘာ့ နိုင်ငံပေါင်း ၄၀ က ခေါင်းဆောင် တွေနဲ့ လက်ချင်းချိတ် ချီတက်ခဲ့တဲ့ ပြင်သစ် သမ္မတ ဖရော်န်ဆွာ အိုလော်န့် က ပါရီ ဆိုတာ ကမ္ဘာကြီးရဲ့ မြို့တော် ဖြစ်တယ် လို့ ဆိုပါတယ်။

ဘာသာပေါင်းစုံ၊ အသွေးရောင် ပေါင်းစုံ ပါဝင်တဲ့ ပြင်သစ် ပြည်သူတွေ လည်း ပုခုန်းချင်း ယှဉ် ပြီး ပါရီမြို့ တလျှောက် ချီတက် ခဲ့ကြတာ မှာ ရွှင်လန်း ကြည်နူးစိတ် နဲ့ ဝမ်းနည်းစိတ် တွေ ရောယှက် ဖြစ်ထွန်း ခဲ့ပါတယ်။

ပါရီ စုပေါင်း ချီတက်ပွဲ မှာ ဂျော်ဒန်ဘုရင် နဲ့ ပါလက်စတိုင်း သမ္မတ မာမွတ် အဘတ်စ် တို့ အပါအဝင် အရှေ့အလယ်ပိုင်း က ခေါင်းဆောင် တွေလည်း ပူးပေါင်း ပါဝင် ခဲ့ကြပါ တယ်။

မော်ရိုကို နိုင်ငံကတော့ ပြင်သစ် အကြမ်းဖက် ခံခဲ့ရတဲ့ အပေါ် ဝမ်းနည်းကြောင်း ပြောဆိုဖို့ သူတို့ရဲ့ နိုင်ငံခြားရေး ဝန်ကြီးကို စေလွှတ် ခဲ့ပေမယ့် ရှာလီအက်ဘ်ဒို မဂ္ဂဇင်း ရဲ့ ကာတွန်း ပုံတွေ ဟာ ဘာသာရေး ကို စော်ကားရာ ရောက်တယ် လို့ ယူဆတဲ့ အတွက် ချီတက်ပွဲ မှာ တော့ ပါဝင်မှာ မဟုတ်တဲ့ အကြောင်း ပြောခဲ့ပါ တယ်။

ဂျူး ကုန်တိုက်မှာ သေဆုံးခဲ့တဲ့ ဂျူးလူမျိုး ဓားစာခံ ၄ ဦး အတွက် ဆုတောင်းပွဲ ကိုလည်း ပါရီမြို့ ဂျူး ဘုရားကျောင်းမှာ ကျင်းပခဲ့တာ မှာ အစ္စရေး ဝန်ကြီး ချူပ် ဘဲန်ဂျမင် နာတန်ယာဟု နဲ့ အတူ ပြင်သစ် သမ္မတ ဖရော်န်ဆွာ အိုလော်န့် လည်း တက်ရောက် ခဲ့ပါတယ်။

မစ္စတာ နာတန်ယာဟု က ဂျူး ကုန်တိုက် အကြမ်းဖက်မှု မှာ ဓားစာခံ အမြောက်အများ ကို ကယ်တင်ခဲ့ တဲ့ မွတ်ဆလင်မ် ဝန်ထမ်း လာဆားနား ဘတ်သီလီ ကို ကျေးဇူး စကား ဆိုခဲ့ပြီး အစ္စရေး အနေနဲ့ အစွန်းရောက် မှု အပေါ် သာ ဆန့်ကျင်တာ ဖြစ်ပြီး၊ အစ္စလာမ် ဘာသာတရား အပေါ် ဆန့်ကျင်မှု မရှိကြောင်း ပြောခဲ့ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ