အဲအေးရှား လေယာဉ်ပျက် Black box ကို ဆယ်ယူနိုင်ပြီ

  • 12 ဇန်နဝါရီ 2015
ဓာတ်ပုံ မူပိုင် Reuters
Image caption ဆယ်ယူပြီးတဲ့ လေယာဉ် အမြီးပိုင်းကို စစ်ဆေးနေ

ပြီးခဲ့တဲ့ သီတင်း နှစ်ပတ်က အင်ဒိုနီးရှား နိုင်ငံ ဂျာဗား ပင်လယ်ပြင်ထဲကို ပျက်ကျသွားတဲ့ အဲအေးရှား လေယာဉ်ရဲ့ အမြီးပိုင်းမှာ ပါတဲ့ ပျံသန်းမှု အချက်အလက် မှတ်တမ်းတင် ကိရိယာ Black box ကို ရှာဖွေ ဆယ်ယူ နိုင်ခဲ့ပြီလို့ အင်ဒိုနီးရှား အရာရှိတွေက ပြောပါတယ်။

Black box နောက်တစ်ခု ဖြစ်တဲ့ လေယာဉ်မှူး အခန်းက အသံဖမ်း မှတ်တမ်းတင် ကိရိယာ ရှိရာ နေရာကိုလည်း သိထားပြီလို့ အင်ဒိုနီးရှား ရှာဖွေ ကယ်ဆယ်ရေး အဖွဲ့က ပြောပါတယ်။

ပျံသန်းမှု မှတ်တမ်းတင် ကိရိယာ တွေကို စစ်ဆေးပြီးတဲ့အခါ လေယာဉ် ပျက်ကျရတဲ့ အကြောင်းရင်း အသေးစိတ်ကို သိရှိနိုင်မယ်လို့ မျှော်လင့်ရပါတယ်။

အဲအေးရှား လေယာဉ် QZ8501 ဟာ လူ ၁၆၂ ဦး တင်ဆောင်ပြီး အင်ဒိုနီးရှား နိုင်ငံ ဆူရာဘာယာ ကနေ စင်ကာပူကို ရာသီဥတု ဆိုးရွားချိန် ပျံသန်းစဉ် ပျက်ကျခဲ့တာ ဖြစ်ပါတယ်။

ခရီးသည် အလောင်း အချို့ကို ဆယ်ယူ နိုင်ခဲ့ပြီး ဖြစ်ပေမယ့် အလောင်း အများစုကတော့ ရှာလို့ မတွေ့သေးတဲ့ လေယာဉ် ကိုယ်ထည်ထဲမှာ ရှိနေမယ်လို့ ယုံကြည် ရပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ