အဲအေးရှား လေယာဉ်ပျက် အသံဖမ်း ကိရိယာ ဆယ်ယူနိုင်ပြီ

  • 13 ဇန်နဝါရီ 2015
ဓာတ်ပုံ မူပိုင် AFP
Image caption လေယာဉ် အမြီးပိုင်းကို ပြီးခဲ့တဲ့ သီတင်းပတ်က ဆယ်ယူနိုင်ခဲ့

ပြီးခဲ့တဲ့လက ဂျာဗား ပင်လယ်ထဲ ပျက်ကျသွားတဲ့ အဲအေးရှား လေယာဉ်ရဲ့ လေယာဉ်မှူး အခန်းထဲက အသံဖမ်း ကိရိယာကို ရေငုပ်သမားတွေက ပြန်လည် ဆယ်တင် နိုင်ခဲ့ပါပြီ။

ဒီကိရိယာကို တနင်္လာနေ့က ဆယ်ယူ နိုင်ခဲ့တဲ့ ပျံသန်းမှု မှတ်တမ်းတင် ကိရိယာ ဘလက်ဘောက်စ် အနီးမှာပဲ တွေ့ရတာ ဖြစ်ပြီး လေယာဉ် တောင်ပံ အောက်မှာ တွေ့ရတာလို့ ဆိုပါတယ်။

ခုလို အရေးပါတဲ့ ကိရိယာ နှစ်ခုစလုံးကို ဆယ်ယူ နိုင်ခဲ့တာကြောင့် လေယာဉ် ဘာကြောင့် ပျက်ကျခဲ့ရတယ် ဆိုတဲ့ အချက်ကို စုံစမ်း စစ်ဆေးရာမှာ အများကြီး အထောက်အကူ ရမှာ ဖြစ်တယ်လို့ အင်ဒိုနီးရှား အရာရှိတွေက ပြောပါတယ်။

အဲအေးရှား လေယာဉ်ဟာ လူပေါင်း ၁၆၂ ယောက် လိုက်ပါပြီး အင်ဒိုနီးရှား နိုင်ငံ ဆူရာဘာယာ ကနေ စင်္ကာပူကို ပျံသန်းနေစဉ် ပျက်ကျ သွားခဲ့တာ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ