ပြင်သစ် ရဲ ၃ ဦးအတွက် ဂုဏ်ပြု အခမ်းအနား ပြုလုပ်

  • 13 ဇန်နဝါရီ 2015
ဓာတ်ပုံ မူပိုင် AFP
Image caption ပြင်သစ်ရဲ့ အမြင့်ဆုံး ဂုဏ်ပြု ဘွဲ့တံဆိပ်ကို သမ္မတက ချီးမြှင့်

ပြီးခဲ့တဲ့ သီတင်းပတ်က အကြမ်းဖက် သမားတွေရဲ့ တိုက်ခိုက်မှုတွေ အတွင်း သေဆုံး ခဲ့ရတဲ့ ရဲတပ်ဖွဲ့ဝင် ၃ ဦး အတွက် ဂုဏ်ပြုတဲ့ အခမ်းအနားကို ပဲရစ် မြို့လယ်က ရဲဌာနချုပ်မှာ ပြုလုပ်ခဲ့ပြီး အဲဒီ အခမ်းအနားကို သမ္မတ ဖရန်ဆွာ အိုလန်း တက်ရောက် ခဲ့ပါတယ်။

ပြင်သစ် သမ္မတက အလောင်း ထည့်ထားတဲ့ ခေါင်းတလား တစ်ခုစီ ရှေ့မှာ ဦးညွတ်ရင်း အဲဒီ ရဲ ၃ ဦးကို ပြင်သစ်ရဲ့ အမြင့်ဆုံး ဂုဏ်ပြု ဘွဲ့တံဆိပ် ဖြစ်တဲ့ Legion of Honor ကို အပ်နှင်းတယ်လို့ ကြေညာ ခဲ့ပါတယ်။

ရဲတပ်ဖွဲ့ဝင် ၃ ဦးမှာ တစ်ဦးက လူမည်း၊ တစ်ဦးက လူဖြူ နဲ့ နောက်တစ်ယောက်က အာရပ် နွယ်ဖွား ဖြစ်တာကြောင့် လူမျိုးစုံတဲ့ ပြင်သစ် လူ့အဖွဲ့အစည်းကို ကိုယ်စားပြုနေတာ ဖြစ်တယ်လို့လည်း သမ္မတက ပြောပါတယ်။

အဲဒီ ရဲ ၃ ဦးမှာ ၂ ဦးက ရှာလီ အက်ဘဒို မဂ္ဂဇင်းတိုက်ကို တိုက်ခိုက်မှုမှာ သေဆုံးခဲ့တာ ဖြစ်ပြီး နောက် ရဲမေ ကတော့ နောက်တစ်နေ့မှာ သေနတ်သမား တစ်ယောက်က ပစ်သတ်ခဲ့တာ ဖြစ်ပါတယ်။

ဂျူး ကုန်တိုက်မှာ အသတ်ခံခဲ့ရတဲ့ အမျိုးသား ၄ ဦးကိုတော့ ဂျေရုဆလင် မြို့မှာ မြှုပ်နှံ သင်္ဂြိုဟ်ခဲ့ကြပါတယ်။

အစ္စလာမ္မစ် အစွန်းရောက် တွေရဲ့ အဲဒီ တိုက်ခိုက်မှု အတွင်း သတင်းသမားတွေ အပါအဝင် စုစုပေါင်း လူ ၁၇ ဦး သေဆုံး ခဲ့ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ