ပြင်သစ်မှာ သေဆုံးခဲ့သူတွေကို ပါလီမန်အမတ်တွေ ဂုဏ်ပြု

  • 14 ဇန်နဝါရီ 2015
Image caption ဘာသာတခုခုနဲ့ စစ်ဆင်နွဲနေတာမဟုတ် အကြမ်းဖက်ဝါဒ ဂျီဟတ်ဝါဒကို စစ်ဆင်နွဲနေ တာလို့ ပြင်သစ်ဝန်ကြီးချုပ်က ပြော

ပြင်သစ်နိုင်ငံမှာ ပြီးခဲ့တဲ့ သီတင်းပတ်က အစ္စလမ်မစ် စစ်သွေးကြွေတွရဲ့ တိုက်ခိုက်ခိုက်မှုအတွင်း သေဆုံးခဲ့သူ ၁၇ ဦးကို အခမ်းအနားတွေနဲ့ ဂုဏ်ပြုခဲ့ကြပါတယ်။

မနေ့က စောစောပိုင်းမှာ ပဲရစ်မြို့က ရဲဌာနချုပ်မှာ လုပ်ခဲ့တဲ့ အခမ်းအနားမှာ ဒီတိုက်ခိုက်မှုတွေ အတွင်း သေဆုံးခဲ့တဲ့ ရဲ အရာရှိ ၃ ဦးကို သမ္မတ အိုလန်းက Knights of the Legion of Honour သူရဲကောင်းဘွဲ့ ချီးမြှင့်ခဲ့ပါတယ်။

မိမိတို့ ရဲ့ လွတ်လပ်မှုအတွက် သူတို့တွေရဲ့ အသက်ဆုံးရှုံးခဲ့ရတာလို့ သူက ပြောခဲ့ပါတယ်။

ပြင်သစ်ပါလီမန်မှာလည်း စစ်သွေးကြွတွေရဲ့ တိုက်ခိုက်မှုနောက်ပိုင်း ပထမဆုံးအကြိမ် ပြင်သစ် ပါလီမန်အမတ်တွေ စုဝေးခဲ့ကြပြီး သေဆုံးခဲ့သူတွေကို ရည်စူးလို့ တမိနစ် ငြိမ်သက် ခဲ့ကြပါတယ်။

ဒီနောက် ပထမကမ္ဘာစစ်ကြီး အပြီး ၁၉၁၈ ခုနှစ် နောက်ပိုင်း တရားဝင် ပါလီမန် အစည်းအဝေး အတွင်း ပထမဆုံးအကြိမ် အမျိုးသားသီချင်းကို စုဝေးသီဆိုခဲ့ကြပါတယ်။

ဝန်ကြီးချုပ် မင်ဝဲ ဗားလ်က ပြင်သစ်နိုင်ငံဟာ ဂျီဟတ်ဝါဒ အစွန်းရောက်ဝါဒ အကြမ်းဖက်ဝါဒတွေနဲ့ စစ်ဖြစ်နေတာဖြစ်ပြီး အစ္စလမ်ဘာသာ နဲ့ ၊ မွတ်ဆလင်တွေနဲ့ စစ်ဖြစ်နေတာမဟုတ်ဘူးလို့ ပါလီမန်မှာ ပြောခဲ့ပါတယ်။

နောင် ဒီလိုတိုက်ခိုက်မှုတွေကို ကာကွယ်နိုင်ဖို့ အကြီးအကျယ် ကြိုးစားအားထုတ်မယ်လို့ လည်းသူက ပြောခဲ့ပါတယ်။

တနိုင်ငံနဲ့တနိုင်ငံ သတင်းအချက်အလက်တွေ ကို ပိုပြီးကောင်းကောင်း ဖလှယ်မယ်၊ အိုင်တီ နည်းပညာကျွမ်းကျင်သူတွေ လေ့လာသုံးသပ်သူတွေ ဘာသာပြန်တွေကို ပိုသုံးမယ်လို့ ဆိုပါတယ်။ ဒီလိုကာကွယ်မယ့် လုပ်ငန်းအပေါ် အကြီးအကျယ် စိန်ခေါ်မှုတွေလဲ ရှိတယ်လို့ သူက ပြောခဲ့ပါတယ်။

ဒီကနေ့ ဗုဒ္ဓဟူးနေ့မှာတော့ ရှာလီအက်ဘဒိုရဲ့ တိုက်ခိုက်ခံရပြီးနောက်ပိုင်း ပထမဆုံး ထုတ်ဝေတဲ့ မဂ္ဂဇင်းသစ် ကို ဖြန့်ချီနေပါပြီ။

မျက်နှာဖုံးမှာ တမန်တော်မိုဟာမက် ကာတွန်းပုံကိုရေးဆွဲထားပြီး စာမျက်နှာ ၁၄ မျက်နှာစလုံးမှာ ရှာလီအက်ဘဒိုရဲ့ ထုံးစံအတိုင်း ဘာသာရေး အစွန်းရောက်တွေနဲ့ နိုင်ငံရေးကို သရော်တဲ့ ကာတွန်းတွေ သတင်းမှတ်ချက်တွေနဲ့ ပြည့်နေတယ်လို့ ဥရောပဆိုင်ရာ ဘီဘီစီ သတင်းထောက် ခရစ် မောရစ်က ပြောပါတယ်။