ဆေးမတိုးတဲ့ ငှက်ဖျားကို ကာကွယ်နိုင်မယ့် လမ်းစ

  • 20 ဇန်နဝါရီ 2015
ဓာတ်ပုံ မူပိုင် science photo llibrary
Image caption ငှက်ဖျားပိုးနဲ့ ပြည့်နေတဲ့ သွေးနီဥ

ငှက်ဖျားရောဂါ ကုသရာမှာ အထိရောက်ဆုံးဖြစ်တဲ့ artemisinin အာတီမီစီနင် ဆိုတဲ့ ဆေးကို ခံနိုင်ရည်ရှိပြီး ဆေးမတိုးတဲ့ ငှက်ဖျားရောဂါဖြစ်ပွားမှုတွေ အရှေ့တောင်အာရှက ထိုင်း မြန်မာ ကမ္ဘောဒီးယား လာအို ဗီယက်နမ် စတဲ့ နိုင်ငံတွေမှာ တိုးပွားလာနေတာကြောင့် သိပ္ပံပညာရှင်တွေက စိုးရိမ်နေခဲ့ပါတယ်။

နောက်ပြီး ဒီလို ဆေးမတိုးတော့တဲ့ ငှက်ဖျားရောဂါ ပြသနာ ကြီးမားကျယ်ပြန့်လာမှာကိုလည်း တွေးပူ နေကြပါတယ်။

ကလိုရိုကွင်းဆိုတဲ့ ဆေး စပေါ်ချိန်က ဆေးပညာရှင်တွေဟာ ငှက်ဖျားရောဂါကို နှစ်အနည်းအတွင်း ပပျောက်အောင် လုပ်နိုင်လိမ့်မယ် မျှော်လင့်ခဲ့ကြပါတယ်။

ဒါပေမယ့် သူတို့မျှော်လင့်သလို ဖြစ်မလာဘဲ တမျိုးပြီး တမျိုး ပေါ်လာတဲ့ ဆေးတွေကို လိုက်ပြီး ငှက်ဖျားပိုးတွေက မျိုးဗီဇပြောင်းလဲမှုနဲ့ ခံနိုင်ရည်ရှိလာလို့ ဆေးတွေက မတိုးနိုင်ဖြစ်ရပါတယ်။

ထူးဆန်းတာကို ဒီလို ဆေးမတိုးတဲ့ ငှက်ဖျားရောဂါ စဖြစ်လာတိုင်း ဖြစ်တဲ့နေရာကို ကြည့်လိုက်ရင် တနေရာထဲကို ပဲ တွေ့ရပါတယ်။

အဲဒါကတော့ ထိုင်းနဲ့ ကမ္ဘောဒီယားနယ်စပ်ပါ။ အဲဒီကနေ မှ တခြားအာရှ နိုင်ငံတွေနဲ့ အာဖရိက နိုင်ငံတွေကို ပြန့်သွားတာပါ။

အခုလည်း နောက်ဆုံးပေါ် artemisinin အာတီမီစီနင်ဆေးကို ဆေးမတိုးတာ ဒီနေရာကပါဘဲ။

အခုတော့ ငှက်ဖျားပိုးတွေမှာ ဘယ်လိုပုံစံနဲ့ ဆေးတွေကို ခံနိုင်ရည်ရှိလာသလဲဆိုတာ သိပ္ပံပညာရှင်တွေက မျိုးဗီဇနည်းနဲ့ လေ့လာဖေါ်ထုတ်နိုင်ခဲ့ကြပြီလို့ The Nature Genetic သိပ္ပံစာစောင်မှာ ရေးသားထားပါတယ်။

အာရှနဲ့ အာဖရိကမှာ ဖြစ်ပွားတဲ့ ငှက်ဖျားရောဂါပိုးတွေရဲ့ မျိုးဗီဇတွေကို ကျယ်ကျယ်ပြန့်ပြန့် လေ့လာခဲ့ရာမှာ ဆေးကို ခံနိုင်ရည်ရှိအောင် မျိုးဗီဇ ပြောင်းလဲခဲ့တဲ့ နေရာအတော်များများကို သိရှိဖေါ်ထုတ်နိုင်ခဲ့ကြပါတယ်။

ဒီလို မျိုးဗီဇ ပြောင်းလဲမှုတွေရှိတဲ့ ငှက်ဖျားရောဂါပိုးတွေကို ခြေရာခံခြင်းအားဖြင့် ဆေးမတိုးတဲ့ ငှက်ဖျားပိုးတွေ ဘယ်နေရာက စပြီး ပြန့်ပွား ကူးစက်သလဲ ဆိုတာကို သိရှိစေနိုင်တယ်လို့ ဆိုပါတယ်။

အာရှဒေသမှာ ဆေးကို ခံနိုင်ရည်ရှိတဲ့ ငှက်ဖျားပိုးတွေ အများဆုံးရှိတာ တွေ့ရတယ်လို့ လေ့လာခဲ့တဲ့ အောက်စဖို့ တက္ကသိုလ်နဲ့ Wellcome Trust Sanger Institute တို့က သိပ္ပံပညာရှင်တွေက ပြောပါတယ်။

အဲဒီအာရှက ဆေးမတိုးတဲ့ ပိုးတွေ ပြန့်ပွားမှုကို မတားဆီးနိုင်ဘူးဆိုရင် အခုလောလောဆယ် ငှက်ဖျားနဲ့ ကလေးငယ် တမိနစ် တယောက်နှုန်းနဲ့ သေဆုံးနေတဲ့ ဆာဟာရသဲကန္တရတောင်ပိုင်း အာဖရိက နိုင်ငံတွေကို အာတီမီစီနင်ဆေး ဆေးမတိုးတဲ့ ငှက်ဖျားပြန့်သွားနိုင်တယ်လို့ စိုးရိမ်ကြပါတယ်။

အခုတော့ ငှက်ဖျားပိုးမျိုးဗီဇက ပြောင်းလဲတဲ့ နေရာတွေကို သိရှိတာကြောင့် ငှက်ဖျားရောဂါပြန့်ပွားကူးစက်တာကို ကာကွယ်ရာမှာနဲ့ အမြစ်ပြတ်အောင် နှိမ်နင်းရာမှာ အထောက်အကူ ဖြစ်စေမယ်လို့ သိပ္ပံပညာရှင်တွေက ယူဆနေကြကြောင်းဘီဘီစီ သတင်းထောက် ရီဘက်ကာမိုရဲက သတင်းရေးသားထားပါတယ်။