ကမ္ဘာ့ ဆင်းရဲ ချမ်းသာ ကွာဟချက် ကြီးမားလာနေ

  • 19 ဇန်နဝါရီ 2015
ဓာတ်ပုံ မူပိုင် Reuters
Image caption အချမ်းသာဆုံး ၁ ရာနှုန်းက ပိုမို ကြွယ်ဝသွားမယ်လို့ ဆို

ကမ္ဘာ့ အချမ်းသာဆုံး လူ ၁ ရာခိုင်နှုန်းရဲ့ ပိုင်ဆိုင်မှုတွေဟာ ကျန်တဲ့ ၉၉ ရာနှုန်း ရှိတဲ့ လူတွေထက် ပိုမို သာလွန် ကြွယ်ဝ သွားတော့မယ်လို့ ဗြိတိန် ပရဟိတ အဖွဲ့ ဖြစ်တဲ့ Oxfam ရဲ့ လေ့လာမှု တစ်ခုအရ သိရပါတယ်။

အဲဒီ ကိန်းဂဏန်းတွေ အရ ကမ္ဘာ့ အချမ်းသာဆုံး လူ ၁ ရာခိုင်နှုန်းဟာ ၂၀၀၉ ခုနှစ်က ကမ္ဘာ့ ကြွယ်ဝမှု အားလုံးရဲ့ ၄၄ ရာခိုင်နှုန်းကို ပိုင်ဆိုင်ခဲ့ပြီး ၂၀၁၄ ခုနှစ် မှာတော့ ကမ္ဘာ့ ကြွယ်ဝမှု အားလုံးရဲ့ ၄၈ ရာနှုန်းကို တိုးတက် ပိုင်ဆိုင် လာခဲ့တယ်လို့ ဆိုပါတယ်။

ဒီနှုန်း အတိုင်း ဆိုရင် ၂၀၁၆ ခုနှစ်မှာ ကမ္ဘာ့ အချမ်းသာဆုံး လူ ၁ ရာခိုင်နှုန်းရဲ့ ပိုင်ဆိုင်မှုတွေဟာ ကမ္ဘာ့ ကြွယ်ဝမှု အားလုံးရဲ့ ၅၀ ရာနှုန်း အထက်ကို ရောက်ရှိ သွားပြီး ကျန် ကမ္ဘာ့လူဦးရေ ၉၉ ရာနှုန်းထက် ပိုမို ကြွယ်ဝ သွားတော့မယ်လို့ Oxfam က ခန့်မှန်း လိုက်ပါတယ်။

အဲဒီ လေ့လာမှု အရ ပိုင်ဆိုင်မှုကို တွက်ရာမှာ လစာနဲ့ ဝင်ငွေကို ထည့်ထွက်ခြင်း မရှိဘဲ လူတစ်ဦး အနေနဲ့ ပေါင် ၅ သိန်းအထက် ပိုင်ဆိုင်မယ် ဆိုရင် ကမ္ဘာ့ အချမ်းသာဆုံး ၁ ရာခိုင်နှုန်းထဲ ပါဝင်သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

ဒီတစ်ပတ် အတွင်း ဆွစ်ဇာလန် နိုင်ငံ ဒါဗို့စ် မြို့မှာ ပြုလုပ်မယ့် ကမ္ဘာ့သြဇာ အရှိဆုံး ခေါင်းဆောင်တွေ တွေ့ဆုံကြမယ့် နှစ်ပတ်လည် အစည်းအဝေး မတိုင်ခင်မှာ ကမ္ဘာပေါ်မှာ ဆင်းရဲ ချမ်းသာ ကွာဟမှု ပိုမို ကြီးမား လာတဲ့ အခြေအနေကို Oxfam အဖွဲ့က မီးမောင်း ထိုးပြလိုက်တာ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ