အသုံးစားရိတ် လျှော့တဲ့ မူဝါဒကို ဆန့်ကျင်ကြောင်း ဂရိ အတိုက်အခံ မဲဆွယ် စည်းရုံး

  • 22 ဇန်နဝါရီ 2015
_alexis_tsipras ဓာတ်ပုံ မူပိုင် AP
Image caption ဂရိ လက်ဝဲပါတီ ဆီရစ်ဇာ ရဲ့ ခေါင်းဆောင် မစ္စတာ ဆီးပရက်စ် က နိုင်ငံတကာ ကြွေးမြီ ထက်ဝက် ကို ပယ်ဖျက် မယ် ဆိုပြီး ကတိပေး နေပါတယ်။

ဂရိ နိုင်ငံ ရဲ့ လူကြိုက် များနေတဲ့ အဓိက အတိုက်အခံ လက်ဝဲပါတီ ဆီရစ်ဇာ ရဲ့ ခေါင်းဆောင် အဲလက်ဆီ ဆီးပရက်စ် က သူ့ အနေနဲ့ ရွေးကောက်ပွဲ မှာ အနိုင် ရခဲ့ရင် အစိုးရ ရဲ့ အသုံးစားရိတ် ဘတ်ဂျက်ငွေ တွေ လျှော့ချ ဖြတ်တောက် နေတဲ့ မူဝါဒ တွေ ကို အဆုံးသတ် မှာ ဖြစ်ပြီး တိုင်းပြည် အတွင်း ဒီမိုကရေစီ ပြန်လည် ထူထောင်မယ် လို့ ပြောလိုက် ပါတယ်။

ဂရိ နိုင်ငံမှာ အထွေထွေ ရွေးကောက်ပွဲ ကို လာမယ့် တနင်္ဂနွေ နေ့မှာ ကျင်းပမှာ ဖြစ်ပြီး ဆီရစ်ဇာ ပါတီဟာ ရွေးကောက်ပွဲ မတိုင်ခင် နောက်ဆုံး အနေနဲ့ မဲဆွယ် ချီတက်ပွဲ လုပ်ခဲ့စဉ် ပါတီ ခေါင်းဆောင် မစ္စတာ ဆီးပရက်စ် က အခုလို ပြောခဲ့တာ ဖြစ်ပါတယ်။

ဂရိနိုင်ငံ မှာ စီးပွားရေး အကြပ်အတည်း ကြုံခဲ့ရစဉ် နိုင်ငံတကာ ရဲ့ ငွေကြေး ကူညီမှု ရယူ ထားတာမှာ လက်ရှိ သဘော တူညီမှု သက်တမ်း ကုန်သွားရင်၊ အဆိုပါ နိုင်ငံတကာ ကြွေးမြီ တွေ ရဲ့ ထက်ဝက်ကို ပယ်ဖျက် မယ် ဆိုပြီး တော့ လည်း မစ္စတာ ဆီးပရက်စ် က ထပ်မံ ကတိ ပေးခဲ့ ပြန်ပါတယ်။

ရွေးကောက်ပွဲ မတိုင်ခင် လူထု သဘောထား စစ်တမ်း တွေ အရ မစ္စတာ ဆီးပရက်စ် ရဲ့ လက်ဝဲပါတီ ဆီရစ်ဇာ ဟာ လူကြိုက် အများဆုံး ဖြစ်နေပြီး၊ ဂရိ နိုင်ငံ ရဲ့ အခြေအနေ ဟာ ဒီ့ထက် ပို ဆိုးစရာလည်း မရှိတော့ပါဘူး လို့ ခံစား နေရတဲ့ ပြည်သူ တွေ ဟာ ဆီရစ်ဇာ ပါတီ ကို အလှည့်ပေး အုပ်ချုပ် စေလို နေကြတယ် ကြောင်း ဘီဘီစီ သတင်းထောက် က ပြောပါတယ်။

ဒါပေမယ့် ဆီရစ်ဇာ ပါတီ သာ အနိုင်ရခဲ့ရင် ဂရိနိုင်ငံဟာ ကျန် ဥရောပ သမဂ္ဂ အဖွဲ့ဝင် နိုင်ငံတွေ နဲ့ ထိပ်တိုက် တိုး လာနိုင်တဲ့ အန္တရာယ် လည်း ရှိနေပါတယ်။

လာမယ့် ဂရိ ရွေးကောက်ပွဲ မှာ ဆီရစ်ဇာ ပါတီ အနေနဲ့ အစိုးရ ဖွဲ့ နိုင်လောက် အောင် မဲ အသာ မရခဲ့ရင် တော့ သူတို့ နဲ့ ပူးတွဲပြီး ညွန့်ပေါင်း အစိုးရ ဖွဲ့လိုတဲ့ ပါတီကို ရှာရ ခက်နိုင် ပါလိမ့်မယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ