ရုရှားက ရန်လိုနေတယ်လို့ ယူကရိန်းစွပ်စွဲ

  • 22 ဇန်နဝါရီ 2015
Ukraine ဓာတ်ပုံ မူပိုင် .
Image caption ယူကရိန်းသမ္မတ ပေါ်ရိုရှန်ကို

ယူကရိန်းနိုင်ငံအရှေ့ပိုင်းကို ရုရှားဘက်က ပို့ထားတဲ့ စစ်သားတွေနဲ့ လက်နက်တွေ ရုပ်သိမ်းပေးဖို့ ယူကရိန်းသမ္မတ ပက်ထရို ပေါ်ရို ရှန်ကိုက တောင်းဆိုလိုက်ပါတယ်။

ယူကရိန်းအစိုးရတပ်တွေနဲ့ ရရှားလိုလားသူ သူပုန်တွေကြား တိုက်ပွဲတွေ ပိုပြင်းထန်လာနေတဲ့ နိုင်ငံအရှေ့ပိုင်းမှာ ရုရှား တပ်သား ၉၀၀၀ ကျော်နဲ့ သံချပ်ကာ တင့်ကား ၅၀၀ ရှိနေတယ်လို့ သူက ဆိုပါတယ်။

ဒွန်းညက်စ်နဲ့ လူဟန့်စ်ဒေသမှာ တိုက်ပွဲတွေက ပြင်းထန်နေပြီး ပြိုပျက်နေပြီဖြစ်တဲ့ ဒွန်းညက်စ်လေဆိပ်ကိုလည်း နှစ်ဘက်တပ်တွေက အပြိင် ထိန်းသိမ်းနိုင်ဖို့ ကြိုးပမ်းနေကြပါတယ်။

နယ်မြေထိန်းချုပ်ရေးနဲ့ပတ်သက်ပြီး ပိုပြင်းထန်လာတဲ့ အခု တိုက်ပွဲတွေဟာ ယူကရိန်း ပဋိပက္ခရဲ့ အချိုးအကွေ့တစ်ခု ဖြစ်နိုင်တယ်လို့ ယူကရိန်းဆိုင်ရာ အမေရိကန် သံအမတ်ကြီးကလည်း ပြောပါတယ်။

သူပုန်တွေကို ရရှားဘက်က လက်နက် တပ်ဆင်ပေးနေတယ်၊ ပြဿနာကို ဖြေရှင်းချင်ရင် ဒါတွေကို ရပ်တပ်ဖို့ လိုတယ်လို့ ရုရှားသမ္မတက ပေါ်ရိုရှန်ကိုက ပြောပါတယ်။

ဒါကြောင့် ရုရှားအနေနဲ့ ဘီလာရုစ်မှာ စက်တင်ဘာလတုန်းက သဘောတူညီခဲ့တဲ့ အပစ်အခတ်ရပ်စဲရေး အစီအစဉ်ကို လေးစားလိုက်နာဖို့ သူက တိုက်တွန်းပါတယ်။

အဲဒီအစီအစဉ်မှာတော့ နှစ်ဘက်စလုံးကနေ လက်နက်ကြီးတွေ ပြန်ရုပ်သိမ်းဖို့နဲ့ အကျဉ်းသားလဲလှယ်ရေး အစီအစဉ်တွေ ပါဝင်ပါတယ်။

ယူကရိန်းသူပုန်တွေနဲ့ ရုရှားတပ်တွေ ပူးပေါင်းပြီး တိုက်ခိုက်နေတယ်ဆိုတဲ့အပေါ် ရုရှားဘက်ကတော့ အကြိမ်ကြိမ် ငြင်းဆိုထားပါတယ်။

ဒီအတောအတွင်းမှာပဲ ယူကရိန်းပဋိပက္ခနဲ့ ပတ်သက်လို့ ဆွေးနွေးပွဲတစ်ခုကို ဂျာမနီက ဘာလင်မြို့တော်မှာ ကျင်းပဖို့ရှိနေပြီး ဒီအစည်းအဝေးကို ယူကရိန်း၊ ရုရှား၊ ပြင်သစ်နဲ့ ဂျာမနီနိုင်ငံခြားရေးဝန်ကြီးတွေ တက်ဖို့ ရှိနေပါတယ်။