အချမ်းသာဆုံး အသင်းများ စာရင်းအပေါ် ကောက်နုတ်ချက်

  • 23 ဇန်နဝါရီ 2015
ဓာတ်ပုံ မူပိုင် Getty
Image caption ၁၀ နှစ် ဆက်တိုက် အချမ်းသာဆုံး အသင်း ရီးယဲမက်ဒရစ်

Deloitte's ရဲ့ နှစ်စဉ် စစ်တမ်းအရ ကမ္ဘာ့အချမ်းသာဆုံး ဘောလုံးအသင်း တွေထဲမှာ ဥရောပ ချန်ပီယံ ရီးယဲလ်မဒရစ် အသင်းက ၁၀ နှစ် ဆက်တိုက် ထိပ်ဆုံးမှာ ရှိနေပါတယ်။

ဒီစာရင်းမှာ ကြီးစိုးထားတဲ့ အသင်းတွေက ထုံးစံအတိုင်း ကြီး ၅ ကြီး လိဂ် ပြိုင်ပွဲတွေ ဖြစ်တဲ့ အင်္ဂလိပ် ပရီးမီးယားလိဂ်၊ ဂျာမန် ဘွန်ဒက်စ်လီဂါ၊ အီတလီ စီးရီးအေ၊ စပိန် လာလီဂါနဲ့ ပြင်သစ် လိဂ်ဝမ်းတွေက အသင်းတွေပဲ ဖြစ်ပါတယ်။

ဒီစာရင်းရဲ့ ထိပ်ဆုံး အသင်း ၃၀ ထဲမှာ ပရီးမီးယားလိဂ်က အသင်း ၁၄ သင်း ပါနေတဲ့အတွက် အင်္ဂလိပ်အသင်းတွေ အင်အား ကောင်းလာ နေတာကို တွေ့ရပါတယ်။ ရုပ်သံ ပြသခွင့်က ရတဲ့ ငွေတွေကြောင့် အခုလို များနေတာ ဖြစ်ပြီး နောက်နှစ်တွေမှာလည်း ဒီထက်ပိုပြီး ဝင်ငွေတွေ ကောင်းလာကြဦးမယ့် အလားအလာ ရှိပါတယ်။

ရီးယဲက ကမ္ဘာ့အချမ်းသာဆုံး ဖြစ်နေဆဲ

မနှစ်က မေလမှာ ချန်ပီယံလိဂ် ဖလားနဲ့ ဒီဇင်ဘာလမှာ ကမ္ဘာ့ ကလပ် အသင်းများ ဖလားတွေကို ရခဲ့ပြီးနောက် ရီးယဲမက်ဒရစ်ဟာ ကမ္ဘာ့ အချမ်းသာဆုံး အသင်း အဖြစ် ၁၀ ကြိမ်မြောက် ဆက်လက် ရပ်တည်နိုင်ခဲ့ပါတယ်။

စပိန်ရဲ့ မဟာအင်အားကြီး ရီးယဲမက်ဒရစ် အနေနဲ့ ရုပ်သံ ထုတ်လွှင့်မှုက ရတဲ့ ဝင်ငွေ ၁၀ ရာခိုင်နှုန်း တိုးလာပြီး ၂၀၁၃-၂၀၁၄ အတွက် ဝင်ငွေ ဒေါ်လာ သန်း ၆၃၀ ရှိခဲ့ပါတယ်။

၂ နှစ်အတွင်း မန်ယူ ထိပ်ဆုံး ဖြစ်လာနိုင်

ဓာတ်ပုံ မူပိုင် Getty
Image caption မန်ယူ ထိပ်ဆုံး ရောက်လာနိုင်ဟု ဆို

ဒီစာရင်းရဲ့ ဒုတိယ နေရာက မန်ချက်စတာ ယူနိုက်တက် ကတော့ ခါတိုင်းနဲ့ ယှဉ်ရင် ဘောလုံးဘက်မှာ အောင်မြင်မှု မရခဲ့ပေမယ့် ဘဏ္ဍာရေး ဘက်မှာတော့ အောင်မြင်မှုတွေ ရခဲ့ပါတယ်။

ကမ္ဘာ့ စံချိန်တင် ဘောလုံးအင်္ကျီ စပွန်ဆာ အဖြစ် အားကစားပစ္စည်း ထုတ်လုပ်တဲ့ Adidas နဲ့ ပေါင်သန်း ၇၄၀ တန် ၁၀နှစ် စာချုပ် ချုပ်ဆို နိုင်ခဲ့သလို အမေရိကန် ကားကုမ္ပဏီကြီး ဖြစ်တဲ့ General Motors နဲ့လည်း ရင်ဘတ်တံဆိပ် စပွန်ဆာ စာချုပ်တွေ ချုပ်ဆိုနိုင်ခဲ့ပါတယ်။

ဒီရာသီမှာ ချန်ပီယံလိဂ်မှာ မဝင်ခဲ့တာကြောင့် လာမယ့်နှစ် ထုတ်ပြန်မယ့် စာရင်းမှာ မန်ချက်စတာ ယူနိုက်တက်ရဲ့ ရပ်တည်မှု အပြောင်းအလဲ ဖြစ်ကောင်းဖြစ်လာနိုင်ပေမယ့် နောက်ရာသီမှာ ချန်ပီယံလိဂ် ဝင်ခဲ့ရင် စီးပွားရေးပိုင်း နဲ့ ရုပ်သံ ဝင်ငွေတွေ ကောင်းလာမှာ ဖြစ်ပါတယ်။ ဒါဆိုရင်တော့ သူတို့ဟာ လာမယ့် ၂ နှစ် ၂၀၁၇ ရောက်ရင် အချမ်းသာဆုံး စာရင်းမှာ ထိတ်ဆုံး အသင်းဖြစ်လာနိုင်ဖို့ များတယ်လို့ Deloitte က ခန့်မှန်းထားပါတယ်။

အင်္ဂလိပ် အသင်းတွေ ကြီးစိုးလာ

၂၀၁၃ ကနေ ၂၀၁၆ အထိ ပရီးမီးယားလိဂ်ရဲ့ ရုပ်သံ ပြသခွင့် ဝင်ငွေ ပေါင်သန်း ၃ ထောင် ရခဲ့ကြလို့ ပရီးမီးယားလိဂ် အသင်းတွေ အခု စာရင်းရဲ့ ထိပ်ဆုံး ၃၀ မှာ ပါလာကြပါတယ်။

လွန်ခဲ့တဲ့ ၆ နှစ်အထိ အချမ်းသာဆုံး အသင်း ၂၀ မှာ ပရီးမီးယားလိဂ် အသင်း ၈ သင်း အထိသာ ပါခဲ့ပေမယ့် အခုတော့ ထိပ်ဆုံး အသင်း ၃၀ မှာ အင်္ဂလိပ်အသင်း ၁၄ သင်းအထိ ပါလာနိုင်ပါပြီ။

မန်ချက်စတာ ယူနိုက်တက်၊ မန်ချက်စတာ စီးတီး၊ ချယ်လ်ဆီး၊ အာဆင်နယ်နဲ့ လီဗာပူး စတဲ့ ပရီးမီးယားလိဂ် ထိပ်သီးတွေကတော့ ဒီစာရင်းရဲ့ ထိပ်ဆုံး ၁၀ သင်းထဲမှာ ပါဝင်ကြပါတယ်။

ဆုဖလားရတာနဲ့ အရာအားလုံး မပြည့်စုံ

ဓာတ်ပုံ မူပိုင် Getty
Image caption ဆုဖလား မရပေမယ့် လီဗာပူးလည်း အချမ်းသာဆုံး စာရင်းမှာ အဆင့်တက်

ဒီစာရင်းရဲ့ ဒုတိယ နေရာကို မန်ချက်စတာ ယူနိုက်တက် ရောက်လာတာကို ကြည့်ခြင်းအားဖြင့် ဝင်ငွေကောင်းဖို့အတွက် ဆုဖလားတွေ ရတာက အဓိက မဟုတ်ကြောင်း သိနိုင်ပါတယ်။

လီဗာပူး အသင်းဟာလည်း ဘာဖလားမှ မရပေမယ့် ပြီးခဲ့တဲ့ နှစ်က အချမ်းသာဆုံး စာရင်းရဲ့ နံပါတ် ၁၂ နေရာကနေ ဒီနှစ်မှာ ၉ နေရာကို တက်လာသလို၊ တော့တင်ဟမ် ဟော့စပါးစ် အသင်းလည်း အလားတူ အဆင့် တက်လာပါတယ်။

စပိန်မှာတော့ အသက်လက်တီကို မဒရစ် အသင်းက လာလီဂါမှာ ချန်ပီယံ ဖြစ်ခဲ့လို့ အခုစာရင်းမှာ နံပါတ် ၂၀ ကနေ ၁၅ နေရာ အထိ ၅ နေရာ တက်လာနိုင်တာ တွေ့ရသလို၊ ဘာစီလိုနာ အသင်း ကျပြန်တော့ ပြီးခဲ့တဲ့ ရာသီမှာ အောင်မြင်မှု မရခဲ့တာနဲ့ နံပါတ် ၂ ကနေ ၄ အထိ ကျသွားတာ တွေ့ရပါတယ်။ ဒါဟာ ဘာစီလိုနာ အတွက် ၂၀၀၇-၂၀၀၈ နောက်ပိုင်း ထိပ်ဆုံး ၂ သင်းထဲကနေ ပထမဆုံးအကြိမ် ဆင်းသွားရတာလည်း ဖြစ်ပါတယ်။

အခြား တွေ့ရှိချက်

ဓာတ်ပုံ မူပိုင် Getty
Image caption ဥရောပ အပြင်ဘက်ကနေ ထိပ်ဆုံး ၂၀ ထဲ ဝင်တဲ့ ဂါလာတာဆာရေး

ဒီစာရင်းရဲ့ ထိပ်ဆုံး အသင်း ၂၀ ထဲ ပါနေတဲ့ တူရကီ အသင်း ဂါလာတာဆာရေးဟာ ဥရောပ ထိပ်သီး လိဂ်ပြိုင်ပွဲ ၅ ခုထဲက မဟုတ်တဲ့ တစ်ခုတည်းသော ခြွင်းချက် အသင်း ဖြစ်ပါတယ်။

အခြား ထူးခြားချက် အနေနဲ့ အီတလီက နာပိုလီ အသင်းဟာ စီးရီးအေမှာ နံပါတ် ၃ ချိတ်ခဲ့ပြီးနောက် သူတို့ရဲ့ ဝင်ငွေ ၅၀ ရာနှုန်း တိုးလာပြီး ဒီစာရင်းရဲ့ ထိပ်ဆုံး ၂၀ ထဲကို ပထမဆုံး ရောက်လာခဲ့ပါတယ်။