ကတိတွေ တည်ဖို့ ဂရိအစိုးရကို EU သတိပေး

  • 27 ဇန်နဝါရီ 2015
ဓာတ်ပုံ မူပိုင် EPA
Image caption ခြိုးခြံချွေတာရေး စီမံကိန်းတွေ ရပ်မယ်လို့ ဝန်ကြီးချုပ်သစ်က ပြောနေ

ဂရိနိုင်ငံ တင်ရှိနေတဲ့ ကြွေးမြီတွေ ပြန်ဆပ်ဖို့နဲ့ ခြိုးခြံချွေတာတဲ့ စီမံကိန်းတွေ ကျင့်သုံးဖို့ ကတိပေးထားတဲ့အတိုင်း ဂရိ အစိုးရသစ်အနေနဲ့ လိုက်နာ ဆောင်ရွက်ဖို့ EU ဥရောပ သမဂ္ဂ ခေါင်းဆောင်တွေက သတိပေးလိုက်ပါတယ်။

အစွန်းရောက် လက်ဝဲဝါဒီ ဂရိခေါင်းဆောင် Alexis Tsipras က ဂရိနိုင်ငံ ဝန်ကြီးချုပ်အဖြစ် ကျမ်းသစ္စာ ဆိုခဲ့ပြီး ခြိုးခြံ ချွေတာရေး စီမံကိန်းတွေကို ရပ်ပစ်မယ်၊ နိုင်ငံ တင်ရှိနေတဲ့ အကြွေးတွေအတွက် ညှိနှိုင်း ပြောဆိုမှုတွေ လုပ်မယ်လို့ ပြည်သူတွေကို ကတိပေးခဲ့အပြီးမှာ EU ခေါင်းဆောင်တွေက အခုလို သတိပေးလိုက်တာပါ။

ဂရိနိုင်ငံရဲ့ တောင်းဆိုချက်တွေကို ဥရောပ ကော်မရှင်ရဲ့ စည်းမျဉ်း စည်းကမ်းတွေအရ တခြားနိုင်ငံတွေနဲ့ ဆွေးနွေးသလို အလားတူ ဆွေးနွေးသွားမှာ ဖြစ်ကြောင်း၊ ဒါပေမယ့် ဂရိနိုင်ငံရဲ့ ကြွေးမြီတွေကို လျှော့ပေးဖို့ကတော့ ကော်မရှင်ရဲ့ အစီအစဉ်ထဲမှာ လောလောဆယ် မပါကြောင်း ဥရောပ ကော်မရှင် ဥက္ကဌ Jean-Claude Juncker က ပြောသွားပါတယ်။

ဂျာမနီ အစိုးရ ပြောခွင့်ရ ပုဂ္ဂိုလ်ကလည်း ဂရိနိုင်ငံအနေနဲ့ နိုင်ငံတကာနဲ့ သဘောတူချက်ရဲ့ တစိတ်တပိုင်းအဖြစ် ကတိပေးထားခဲ့တဲ့အတိုင်း လိုက်နာ ဆောင်ရွက်သင့်တယ်လို့ ပြောသွားပါတယ်။

စပိန် အီတလီ စတဲ့ ဥရောပမှာ ရှိတဲ့ ခြိုးခြံချွေတာရေး စီမံကိန်းကို ဆန့်ကျင်တဲ့ ပါတီတွေကတော့ အခုလို ဂရိနိုင်ငံမှာ ဆာရိဇာ ပါတီ အနိုင်ရခဲ့တာကို ဂုဏ်ပြုစကား ပြောခဲ့ကြပါတယ်။