Auschwitz အကျဉ်းစခန်း လွတ်မြောက်တဲ့ နှစ် ရ၀ ပြည့်

  • 28 ဇန်နဝါရီ 2015
ဓာတ်ပုံ မူပိုင်
Image caption သြဇဝစ် အကျဉ်းစခန်းနာဇီလက်က လွတ်မြောက်မှု နှစ် ၇၀ ပြည့်အခမ်းအနား

ဒုတိယ ကမ္ဘာ စစ်ကြီး အတွင်း နာဇီ တွေရဲ့ လူမျိုးတုံး သတ်ဖြတ်မှု ကပ်ဆိုးကြီးက လွတ်မြောက် လာခဲ့သူ တွေက သူတို့ ကို ဆိုဗီယက် တပ်တွေက ကယ်တင်ခဲ့တဲ့ နှစ် ၇ဝ ပြည့် အခမ်းအနား ကို ပိုလန် နိုင်ငံက သြဇဝစ် Auschwitz အကျဉ်းစခန်းဟောင်း မှာ ကျင်းပ ခဲ့ကြပါတယ်။

မသေဘဲ ကျန်ရစ်သူတွေက သူတို့ သားသမီး မြေးမြစ် တွေ လက်ထက်မှာ ဒီလို ကပ်ဆိုးတွေ ပြန်မလာစေချင် တော့ဘူးလို့ အခု အသက် ၈၀ ဝန်းကျင်ရှိနေပြီ ဖြစ်တဲ့ အကျဉ်းသားဟောင်း Roman Kent က ပြောကြား ခဲ့ပါတယ်။

လူမျိုးနွယ် တွေရဲ့ မတူညီ ကွဲပြား မှု ကို လက်ခံတဲ့ ဓလေ့နဲ့ သည်းခံခြင်း တရားကို အားလုံး လက်ကိုင် ထားကြဖို့ ကိုလည်း သူက ပန်ကြား ခဲ့ပါတယ်။

ဒီလို ဆိုးရွားတဲ့ ပြစ်မှုကြီးတွေ ကမ္ဘာကြီးမှာ ထပ်မဖြစ်အောင် တားဆီးကြဖို့ သူက တိုက်တွန်းခဲ့ပါတယ်။

အမျိုးသမီးအကျဉ်းသားဟောင်းတဦးဖြစ်တဲ့ Halina Birenbaum ကလည်း သူရဲ့ အတွေ့အကြုံ တွေကို ပြန်ပြောင်း ပြောပြခဲ့ပါတယ်။

သူဟာ ဒီအကျဉ်းစခန်းကို ရောက်စဉ်က ကလေးအရွယ် ဖြစ်ပေမယ့် လွတ်လမ်းမရှိတဲ့ ငရဲခန်းကို ကောင်းကောင်းမှတ်မိတယ်လို့ ပြောပါတယ်။

သူ့ပတ်ဝန်းကျင်မှာ လျှပ်စစ်ဓါတ်လွှတ်ထားတဲ့ သံဆူးကြိုးတွေ အနံဆိုးတွေထွက်နေတဲ့ ရွှံပုတ်တွေ၊ ကတုံး မျက်တွင်းဟောက်ပက် ကျူရိုးခြေသလုံးနဲ့ အရှက်လုံရုံ အဝတ်စုတ်တွေ ဝတ်ထားတဲ့ အရွယ်စုံ အကျဉ်းသားတွေ၊ နာကျင်မှု၊ ဆာလောင်မှုတွေနဲ့ သေမင်းနဲ့ နေ့စဉ်ရင်ဆိုင်နေရသူတွေ၊ နှိပ်စက်ညှင်းပန်းမှုတွေနဲ့ လူမဆန်စွာ ပြုမူခံရတာတွေကို သူက ပြောပြခဲ့ပါတယ်။

ဒီ အခမ်းအနားကို ကမ္ဘာ့ ခေါင်းဆောင် တွေလည်း တက်ရောက် ခဲ့ပါတယ်။

၁၉၄ဝ က ၁၉၄၅ ခုနှစ် အတွင်း ဒီအကျဉ်း စခန်းမှာ ဂျူး လူမျိုး အများစု ဖြစ်တဲ့ အကျဉ်းသား တသန်း ကျော် သတ်ဖြတ် ခံခဲ့ရတာအပါအဝင် ဥရောပတခုလုံးမှာ ဂျူးလူမျိုးစုစုပေါင်း ၆ သန်းအသတ်ခံခဲ့ရပါတယ်။