ဂျပန်ဓါးစာခံ အသတ်ခံရမှု နိုင်ငံသားများတုံ့ပြန်

  • 1 ဖေဖော်ဝါရီ 2015
အသတ်ခံရတဲ့ ဂျပန်သတင်းထောက် အတွက်ဆုတောင်း ဓာတ်ပုံ မူပိုင် AP
Image caption အသတ်ခံရတဲ့ ဂျပန်သတင်းထောက် အတွက်ဆုတောင်း

အိုင်အက်စ် အစ္စလမ်မစ် နိုင်ငံအဖွဲ့က ဂျပန်သတင်းထောက် ကင်ဂျီ ဂိုတိုကို သတ်ဖြတ်တဲ့ ဗွီဒိုယို သတင်းဆိုးကို ဆိုရှယ်မီဒီယာမှာ တင်ထားတာကို ကြည့်ပြီး တနင်္ဂနွေ မနက်ခင်းမှာ ဂျပန်ပြည်သူတွေ အိပ်ရာမှ နိုးလာကြပါတယ်။ ဒီသတင်းဆိုးကြီးဟာ သူတို့မျက်စေ့ ရှေ့မှာတင် ဆိုရှယ် မီဒီယာတွေမှာ မြင်နေရတော့ အများစုက တွစ်တာကနေ တုံ့ပြန်ကြပြီး သဘောထား အမြင်တွေ အမျိုးမျိုးရေးနေကြပါတယ်။ ဝမ်းနည်းကြေကွဲတာ ဒေါသဖြစ်တာ စာနာသနားတာ စသဖြင့်သဘောထားအမျိုးမျိုး ပါဝင်ပါတယ်။

အများစုကတော့ အခုသူ့ကို သတ်ဖြတ်တဲ့ဗွီဒီယိုကိုမ ကြည့်ကြဖို့ တောင်းဆိုကြပါတယ်။ သူမသေမီက စစ်ပွဲပစ်ခတ်မှုတွေ အတွင်းလူတွေရဲ့ အတိဒုက္ခရောက်ရတဲ့ဘဝ စတဲ့လူသားတွေ အတွက်သူသတင်းပို့သွားတာကို တင်ပြကြဖို့လည်း တောင်းဆိုကြပါတယ်။

အချို့ ရုပ်သံလွှင့်ရုံတွေက အသတ်ခံရတာကို မကြာခန ပြနေတာဟာ ဂျပန်လူထုကို ခြိမ်းခြောက်ရာ ကျတယ်ဆိုပြီး လူအများ ဒေါသထွက်နေကြပါတယ်။ ဂျပန်ဝန်ကြီးချုပ် ရှင်ဆို အာဘေးက မိသားစုရဲ့ခံ စားချက်နဲ့သူ့ဒေါသ အမျက်ထွက်ရပုံကို ပြောသွားပေမယ့် သေဆုံးသူ နှစ်ယောက်ရဲ့ ဆောင်ရွက်ချက်တွေကို မပြောတဲ့အပေါ် ဝေဖန်ပြီး အစိုးရ ဒီကိစ္စ ကိုင်တွယ်တာကို စောင့်ကြည့် နေသူတွေကတော့ ဝန်ကြီးချုပ်ကို ပစ်တင် တိုက်ခိုက် ပြောကြားကြပါတယ်။

အိုင်အက်စ်အဖွဲ့ရဲ့ ရက်စက် ကြမ်းကြုတ်တဲ့လုပ်ရပ် အပေါ်ဂျပန်ရှိမွတ်စလင် လူနည်းစုက သေဆုံးသူတွေဘက်က စာနာ ရပ်တည်ပေးတဲ့အပေါ် ဆိုရှယ်မီဒီယာရော ရိုးရိုးမီဒီယာမှာ အလေးထား ဖေါ်ပြနေကြပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ