ယူကရိန်း အရှေ့ပိုင်းမှာ အရပ်သားတွေ ထပ်မံ သေဆုံး

  • 3 ဖေဖော်ဝါရီ 2015
ဓာတ်ပုံ မူပိုင် AFP
Image caption လူနေအိမ်တွေပေါ် ဗုံးဆံတွေ ကျရောက်မှုအတွက် အစိုးရတပ်ကို သူပုန်က စွပ်စွဲ

ယူကရိန်း အရှေ့ပိုင်းက အစိုးရတပ်နဲ့ သူပုန်တွေကြား တိုက်ပွဲတွေကြောင့် ၂၄ နာရီ အတွင်း အရပ်သား ၁၆ ယောက် သေဆုံးပြီး ဒါဇင်နဲ့ချီ ဒဏ်ရာ ရခဲ့တယ်လို့ သိရပါတယ်။

ဒွန်းညက်စ်မြို့ အရှေ့ဘက်က ဗျူဟာကျတဲ့ Debaltseve မြို့ အနီး ပြင်းထန်တဲ့ တိုက်ပွဲမှာ အစိုးရ တပ်သား ၅ ယောက်လည်း ကျဆုံးခဲ့တယ်လို့ ယူကရိန်း စစ်တပ်က ပြောပါတယ်။

ဒဗော့ဆက်ဗ် မြို့ဟာ အရေးပါတဲ့ မီးရထား လမ်းဆုံရာ မြို့တစ်မြို့ ဖြစ်ပြီး လက်ရှိမှာတော့ အစိုးရ တပ်ဖွဲ့တွေက ထိန်းချုပ်ထားဆဲ ဖြစ်ပါတယ်။

လူဦးရေ ၂ သောင်းခွဲ ရှိတဲ့ မြို့တွင်းက လူတွေဟာ အစားအသောက်၊ ရေနဲ့ လျှပ်စစ်မီးတွေ ပြတ်လပ်နေပြီး အိမ်ရဲ့ မြေအောက်ခန်းတွေမှာ ပိတ်မိနေကြတယ်လို့ ဆိုပါတယ်။

သူပုန်တွေဘက်က ထိုးစစ်ဆင် တိုက်ခိုက်မှုတွေကြောင့် အခု သီတင်းပတ်တွေ အတွင်းမှာ အရပ်သား သေဆုံးမှုတွေ မြင့်တက် လာနေပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ