ထိုင်ဝမ် လေယာဉ် အင်ဂျင် ပါဝါကြောင့် ပျက်ကျရ

  • 6 ဖေဖော်ဝါရီ 2015
ဓာတ်ပုံ မူပိုင် epa
Image caption အင်ဂျင် နှိုးလို့ မရခဲ့ဘူးလို့ ဆို

ထိုင်ဝမ်မှာ ဗုဒ္ဓဟူးနေ့က ပျက်ကျ သွားခဲ့တဲ့ ထရန်စ် အေးရှား လေကြောင်းပိုင် လေယာဉ်ဟာ အင်ဂျင် နှစ်ခုလုံးကို သွားတဲ့ လျှပ်စစ် ပါဝါ ပြတ်တောက် သွားတာကြောင့် ပျက်ကျ ခဲ့ရတာလို့ လေယာဉ် ပျံသန်းမှု မှတ်တမ်း Black box ရဲ့ အချက်အလက်တွေက ဖော်ပြကြောင်း စုံစမ်း စစ်ဆေးသူတွေက ပြောပါတယ်။

ပျံသန်းမှု မှတ်တမ်း အချက်အလက် တွေအရ အင်ဂျင် ၂ လုံးအနက် တစ်လုံးကို ပိတ်ပြီး ပြန်နှိုးဖို့ ကြိုးစား ခဲ့ပေမယ့် မအောင်မြင် ခဲ့ကြောင်း သိရပါတယ်။

လေယာဉ် ပျံတက်ပြီး အမြင့်ပေ ၁၂၀၀ ရောက်တဲ့ အချိန်မှာ အင်ဂျင် တစ်လုံး ရပ်ဆိုင်းသွားခဲ့တဲ့အတွက် လေယာဉ်မှူးက နောက်အင်ဂျင်ကို ရပ်လိုက်ပြီး ပြန်နှိုးပေမယ့် မအောင်မြင်ခဲ့ကြောင်း ထိုင်ဝမ် လေကြောင်း လုံခြုံရေး ကောင်စီ ညွှန်ကြားရေးမှူး Thomas Wang က ပြောပါတယ်။

လေယာဉ်မောင်းတံ ကိုင်လျက်သား သေဆုံးခဲ့တဲ့ လေယာဉ်မှူး Liao Chien-tsung ကို မြေပြင်ပေါ်က တိုက်တာ အဆောက်အအုံတွေကို ဝင်မတိုက်အောင် ထိန်းကြောင်း ခဲ့တဲ့ အတွက် တိုင်ပေ မြို့တော်ဝန်က ချီးကျူးခဲ့ပါတယ်။

လေယာဉ်ပေါ်မှာ လူ ၅၈ ဦး လိုက်ပါလာခဲ့ပြီး ၁၅ ဦး အသက်ရှင် ခဲ့ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ