ယူကရိန်း တိုက်ပွဲတွေ ပိုပြင်းထန်

  • 11 ဖေဖော်ဝါရီ 2015
ukraine ဓာတ်ပုံ မူပိုင် Reuters
Image caption ယူကရိန်း ငြိမ်းချမ်းရေး အာမမခံနိုင်

ယူကရိန်း အရှေ့ပိုင်း တိုက်ပွဲတွေ ဆက်လက် ဖြစ်ပွား နေရာမှာ အစိုးရ ထိန်းချုပ် ထားတဲ့ Kramatorsk မြို့ က စစ်ဌာနချုပ် ကို ဗုံးကြဲ တိုက်ခိုက် ခံခဲ့ရပါတယ်။

ဒီတိုက်ပွဲ တွေ အတွင်း စစ်သား ၄ ယောက်နဲ့ အရပ်သား အနည်းဆုံး ၈ ယောက် သေဆုံး ခဲ့ပါတယ်။

ဗုဒ္ဓဟူး နေ့မှာ ဘယ်လာရုစ် နိုင်ငံမှာ ကျင်းပ ဖို့ ရှိတဲ့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲ တွေ မတိုင်ခင် ယူကရိန်း အစိုးရ နဲ့ ရုရှ ဘက်သား သူပုန် တွေကြား နယ်မြေ တွေ ရသလောက် အလု အယက် သိမ်းပိုက် နေကြတာ ဖြစ်ပါတယ်။

အပစ်ရပ်စဲရေး အတွက် ယာယီ သဘောတူညီချက် တခု ရရှိ ထားတယ်၊ လေ့လာ စောင့်ကြည့် ရေး အစီအစဉ် နဲ့ တကွ လက်နက်ကြီးတွေ ရုပ်သိမ်း ဖို့ပါ ပါတယ်လို့ ရုရှ သတင်း မီဒီယာ တွေမှာ ဖော်ပြ ပါတယ်။

ဒါပေမဲ့ တရားဝင် အတည်ပြုချက် တော့ မရရှိ ပါဘူး။

ဒဘယ်ဆာဗာ မြို့ ဘက်မှာ တိုက်ပွဲ ဆက်ဖြစ်နေပြီး Mariupol မြို့ အရှေ့ ဘက် မှာလည်း ယူကရိန်း အစိုးရ ဘက်သား တပ်တွေ က သူပုန်တွေကို တိုက်ခိုက် နေပါတယ်။

ယူကရိန်း ငြိမ်းချမ်းရေး အတွက် ကြားဝင် ညှိနှိုင်း ပေးနေကြတဲ့ ပြင်သစ်နဲ့ ဂျာမနီ ခေါင်းဆောင် တွေက သူတို့ အနေနဲ့ အောင်မြင်မယ်လို့ အာမမခံ နိုင်ကြောင်း ပြောကြား လိုက်ပါတယ်။

တိုက်ပွဲတွေ ပိုဖြစ်လာတဲ့ အတွက် သဘောတူညီမှု တစုံတရာ မရဘဲ ဖြစ်မှာ ကို စိုးရိမ်တယ်လို့ ဂျာမနီ နိုင်ငံခြားရေး ဝန်ကြီး Frank-Walter Steinmeier က ပြောပါတယ်။

ငြိမ်းချမ်းရေး သဘောတူညီချက် ရဖို့ အမေရိကန် သမ္မတ အိုဘားမားက ရုရှ သမ္မတ ပူတင်ကို ဆော်သြ ခဲ့ပါတယ်။

ယူကရိန်း ပဋိပက္ခ ပိုဆိုးရွား လာတာနဲ့ အမျှ ရုရှ အတွက် ပိုပြီး ဆုံးရှုံး စရာ များတယ် လို့ အိုဘားမားက ပြောကြားတယ် လို့လည်း သိရပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ