အစ္စလာမ္မစ် အဖွဲ့ဝင် ၄၅ ဦးကို ဘယ်လ်ဂျီယံ ထောင်ချ

  • 11 ဖေဖော်ဝါရီ 2015
ဓာတ်ပုံ မူပိုင် AFP
Image caption Sharia4Belgium အဖွဲ့ ခေါင်းဆောင် Fouad Belkacem ထောင် ၁၂ နှစ် ချမှတ်ခံရ

ဘယ်လ်ဂျီယံ နိုင်ငံမှာ တစ်ကြိမ်တည်း လူဦးရေ အများဆုံး ကြားနာ စစ်ဆေးမှု အတွင်း ဂျီဟတ် ဝါဒီတွေကို Sharia4Belgium လို့ အမည်ရတဲ့ အဖွဲ့က ဆီးရီးယား နိုင်ငံထဲ ပို့ပေးခဲ့တယ်လို့ ဘယ်လ်ဂျီယံ တရားရုံးက ဆုံးဖြတ်ပြီး အဖွဲ့ခေါင်းဆောင် အပါအဝင် အဖွဲ့ဝင် ၄၅ ယောက်ကို ပြစ်ဒဏ်တွေ ချမှတ် လိုက်ပါတယ်။

Sharia4Belgium အဖွဲ့ရဲ့ ခေါင်းဆောင် Fouad Belkacem ကို ထောင်ဒဏ် ၁၂ နှစ် ချမှတ်လိုက်ပြီး ကျန်တဲ့ ၄၅ ယောက်ကိုတော့ ထောင်ဒဏ် ၃ နှစ် ကနေ ၁၅ နှစ် အထိ အသီးသီး ချမှတ် လိုက်ပါတယ်။

အဖွဲ့ ခေါင်းဆောင် Fouad Belkacem ဟာ ဥရောပက လူငယ်တွေကို အယူသစ်တွေ ခေါင်းထဲ ရိုက်သွင်းပြီး အရှေ့ အလယ်ပိုင်းမှာ လက်နက်ကိုင် တိုက်ခိုက်ဖို့ စည်းရုံး ခဲ့တယ်လို့ တရားသူကြီး တွေက ပြောပါတယ်။

ဒီအဖွဲ့က စုဆောင်းမိတဲ့ လူသစ်တွေကို IS အစ္စလာမ္မစ် နိုင်ငံအဖွဲ့လို စစ်သွေးကြွ အဖွဲ့တွေဆီကို ပေးပို့ခဲ့တယ်လို့ အစိုးရ ရှေ့နေတွေက ပြောပါတယ်။

ကြားနာ စစ်ဆေးမှုမှာ ပြစ်ဒဏ် ချမှတ် ခံရသူတွေထဲက ၇ ယောက်သာ Antwerp မြို့က တရားရုံးကို လာရောက် စစ်ဆေး ခံခဲ့ကြပြီး ကျန်သူတွေ ကတော့ ဆီးရီးယားမှာ ရောက်နေကြတာ သို့မဟုတ် သေဆုံး သွားကြတာ ဖြစ်နိုင်တယ်လို့ ယူဆရပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ