မြောက်ကိုရီးယား ဝါဒဖြန့် ကြွေးကြော်သံ ၃၀၀ ထုတ်

  • 12 ဖေဖော်ဝါရီ 2015
ဓာတ်ပုံ မူပိုင် AFP
Image caption မြောက်ကိုရီးယားမှာ မှို စိုက်ပျိုးမှုကိုလည်း တိုးပွားအောင် တိုက်တွန်းထား

မြောက်ကိုရီးယား နိုင်ငံဟာ သူ့နိုင်ငံ ထူထောင်တဲ့ နှစ် ၇၀ ပြည့် အထိမ်းအမှတ် အဖြစ် ဝါဒဖြန့်တဲ့ ကြွေးကြော်သံ အသစ် ၃၀၀ ကျော်ကို ထုတ်ဝေ လိုက်ပါတယ်။

အကြောင်းအရာ အတော်များများ ပါဝင်တဲ့ အဲဒီ ကြွေးကြော်သံတွေ ထဲမှာ အလုပ်သမားတွေကို သီးနှံတွေ ရေတံခွန်လို စီးကျအောင် တိုက်တွန်းထားတဲ့ ကြွေးကြော်သံ မျိုးတွေလည်း ပါပါတယ်။

အိမ်ထောင်ရှင်မ တွေကိုလည်း ယုံကြည် စိတ်ချရသူတွေ ဖြစ်ဖို့ ပြောဆိုထားတာ မျိုးတွေ ပါဝင်ပြီး အားကစား နည်းတွေကိုလည်း တိုက်တိုက်ခိုက်ခိုက် ကစားကြဖို့ ကြွေးကြော် သံတွေက တိုက်တွန်း ထားပါတယ်။

ကြွေးကြော်သံ အချို့မှာတော့ မြောက်ကိုရီးယားက သူ့ရဲ့ ရန်သူလို့ ခေါ်တဲ့ အမေရိကန်ကို စစ်မီးမွှေးသူ၊ စစ်ဘီလူး အဖြစ် သုံးနှုန်း ထားသလို၊ တကယ်လို့ အမေရိကန်က ကျူးကျော်ခဲ့ရင် နောက်ဆုံး တစ်ယောက် ကျန်တဲ့အထိ မြောက်ကိုရီးယားက ချေမှုန်း သုတ်သင် သွားမယ် ဆိုတာတွေလည်း ပါဝင်ပါတယ်။

ဒါပေမယ့် ကြွေးကြော်သံ အများစုကတော့ စားနပ်ရိက္ခာ ထုတ်လုပ်ရေးနဲ့ ပတ်သက်နေပြီး၊ အလုပ်သမားတွေ အနေနဲ့ နိုင်ငံ တဝန်းလုံးကို သင်းပျံ့တဲ့ ငါးရနံ့တွေနဲ့ ဖုံးလွှမ်းအောင် လုပ်ဆောင်ကြဖို့ တိုက်တွန်း ထားတာ မျိုးတွေ ဖြစ်ပါတယ်။

မြောက်ကိုရီးယား နိုင်ငံဟာ အတိတ်ကာလမှာ ငတ်မွတ် ခေါင်းပါးမှု ဘေးတွေနဲ့ ကြုံတွေ့ ခဲ့ရပြီး ၁၉၉၆ ခုနှစ်က ဖြစ်ခဲ့တဲ့ ငတ်မွတ် ခေါင်းပါးမှု အတွင်းမှာ လူပေါင်း ၃ သန်းကျော် သေဆုံး ခဲ့ရတယ်လို့ ယုံကြည်ရပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ