ချတ်နိုင်ငံကို ဘိုကိုဟာရမ် စစ်သွေးကြွတွေ ဝင်တိုက်

  • 13 ဖေဖော်ဝါရီ 2015
ဓာတ်ပုံ မူပိုင် AFP
Image caption ဘိုကိုဟာရမ် အဖွဲ့က အခု သီတင်းပတ်တွေ အတွင်း အိမ်နီးချင်း နိုင်ငံတွေကို တိုးမြှင့် တိုက်ခိုက်လာ

နိုင်ဂျီးရီးယား နိုင်ငံမှာ အခြေစိုက်တဲ့ ဘိုကိုဟာရမ် အစ္စလာမ္မစ် စစ်သွေးကြွတွေက အိမ်နီးချင်း ချတ်နိုင်ငံကို တစ်ညအတွင်း ပထမဆုံး အကြိမ် ဝင်ရောက် တိုက်ခိုက် ခဲ့တယ်လို့ အရာရှိတွေက ပြောပါတယ်။

စစ်သွေးကြွတွေက ချတ် ရေအိုင်ကို စက်လှေ ၄ စီးနဲ့ ဖြတ်ကျော် ဝင်ရောက် လာပြီး ကျေးရွာ တစ်ရွာကို တိုက်ခိုက် ခဲ့တာလို့ စစ်တပ် ပြောခွင့်ရသူ တစ်ဦးက ဘီဘီစီကို ပြောပါတယ်။

လူအချို့ သတ်ဖြတ် ခံခဲ့ရပြီးနောက် အစ္စလာမ္မစ် စစ်သွေးကြွတွေကို ချတ် တပ်ဖွဲ့တွေက ပြန်လည် တိုက်ထုတ် ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ချတ် နိုင်ငံဟာ ဘိုကိုဟာရမ် စစ်သွေးကြွတွေကို တိုက်ခိုက်ဖို့ ဖွဲ့ထားတဲ့ နိုင်ဂျီးရီးယား၊ နီဂျဲ၊ ကင်မရွန်း နိုင်ငံတွေ ပါဝင်တဲ့ စစ်ရေး မဟာမိတ် အဖွဲ့ကို မကြာသေးမီက ဝင်ရောက် ပူးပေါင်း ခဲ့ပါတယ်။

ကိုယ်ပိုင် အစ္စလာမ္မစ် နယ်မြေ ထူထောင်ဖို့ ကြိုးစား နေတဲ့ နိုင်ဂျီးရီးယား အခြေစိုက် ဘိုကိုဟာရမ် အဖွဲ့ကြောင့် ၂၀၀၉ ခုနှစ် နောက်ပိုင်းမှာ လူ ထောင်နဲ့ချီ သေဆုံး ခဲ့ပြီး သန်းနဲ့ချီတဲ့ လူတွေ အိုးအိမ်ပစ် ထွက်ပြေး ခဲ့ကြရပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ