ကြွေးတင်နေတဲ့ ဂရိအတွက် ရွေးချယ်စရာ ရှိသေးလား

  • 16 ဖေဖော်ဝါရီ 2015
ဓာတ်ပုံ မူပိုင် AFP
Image caption ငွေချေးမယ့် သဘောတူချက်တွေ ပြင်ဖို့ ဖြစ်နိုင်တာ အားလုံး လုပ်မယ်လို့ ဂရိ ဘဏ္ဍာရေး ဝန်ကြီးပြော

ဖေဖော်ဝါရီ လ အကုန်မှာ သက်တမ်းထပ် တိုးဖို့ရှိတဲ့ ဂရိ နိုင်ငံအပေါ် ငွေထုတ် ချေးရေး အစီအစဉ်ကို လက်ခံဖို့ သောကြာနေ့ နောက်ဆုံးထားပြီး အကြောင်း ပြန်ရမယ်လို့ ယူရိုငွေကြေးသုံး ဥရောပ နိုင်ငံတွေက တောင်းဆိုလိုက်ပါတယ်။

ဂရိအနေနဲ့ ဥရောပ နိုင်ငံတွေရဲ့ စည်းကမ်းချက် တွေကို ဆက်မလိုက်နာဘူး ဆိုရင် မကြာခင်မှာ ကြုံရနိုင်တဲ့ ဘဏ္ဍာရေး အကျပ်အတည်းက နှစ်ခု ရှိပါတယ်။

အစိုးရက ပေးစရာရှိနေတဲ့ လစာတို့ အခြားအသုံးစားရိတ် တို့ကို ပေးနိုင်မှာ လား ဆိုတာက တချက်၊ ဘဏ်တွေကို တည်ငြိမ်အောင် ဆက်ထိန်းထား နိုင်မှာလား ဆိုတာက တချက် ဖြစ်ပါတယ်။

ဂရိအစိုးရ ကတော့ သူတို့ဟာ ဘယ်သူ့ အကူအညီမှ မယူဘဲ နောက်ထပ် လအတော် ကြာအောင် ဆက်ထိန်း ထားနိုင်တယ်လို့ ပြောနေပါ တယ်။

ဒါပေမယ့် အဲဒီပြောဆိုချက်က ဟုတ်ပါ့ မလားလို့ သံသယ ဖြစ်စရာ ရှိပါတယ်။

တခြားက ဝင်ငွေ မရရင် ပြည်တွင်းမှာ အခွန်တိုး ကောက်မှ ဖြစ်မှာမို့ ဂရိ အစိုးရ ဘယ်လောက် ကြာကြာ တောင့်ခံ နိုင်မလဲ ဆိုတာ အခွန်ထမ်း ပြည်သူ တွေပေါ်မှာ တည်ပါတယ်။

အခုဆိုရင် ဘဏ်တွေ မှာ အပ်ထားတဲ့ ငွေတွေကို ပြန်ထုတ်ယူ ကြတာတွေ ပိုများလာလို့ ဘဏ်တွေ အနေနဲ့ ဗဟိုဘဏ် ကနေ ချေးယူပြီး အဲဒီငွေတွေကို ထုတ်ပေး နေရ ပါတယ်။

တကယ်လို့ ဥရောပ က ဂရိကို ငွေထုတ် ချေးမယ့် အစီအစဉ် ပျက်သွားရင် ဂရိဘဏ်တွေ ငွေဆက်ချေးလို့ ရနိုင်တော့မှာ မဟုတ်ပါဘူး။

ဒါဆိုရင် ဂရိဘဏ္ဍာရေးဟာ ကျဉ်းထဲ ကျပ်ထဲ ရောက်သွားမှာ ဖြစ်ပြီး ဒါကို ကုစားဖို့ ငွေကြေးအရ ထိန်းချုပ်မှုတွေ ပိုလုပ်နိုင်အောင် ယူရိုငွေအစား သူ့နိုင်ငံသုံး ငွေကိုဘဲ ပြန်သုံးတာမျိုး ဖြစ်သွား နိုင်ပါတယ်။

အဲဒီလို ငွေကြေးပြိုလဲတဲ့ အဆင့်ကို မရောက်အောင် ဥရောပရဲ့ အကူအညီကို ဘယ်နေ့မှာ နောက်ဆုံးထားပြီး လိုအပ်တယ် ဆိုတာမျိုး သေသေချာချာ ပြောဖို့ ကတော့ မလွယ်ပါဘူး။

သေချာတာ တခုကတော့ ဂရိအတွက် အချိန်ကနည်းလာနေပြီဆိုတာဘဲ ဖြစ်တဲ့အကြောင်း ဘီဘီစီကမ္ဘာတလွှား အစီအစဉ်ရဲ့ စီးပွားရေး သတင်းထောက် Andrew Walker က သုံးသပ် ပါတယ်။