ဘာ​ဂါ​မြို့​ကို ဘို​ကို​ဟာ​ရမ်​တွေ လက်​ထဲ​က ပြန်သိမ်း

  • 22 ဖေဖော်ဝါရီ 2015
nigeria_baga_ataque_boko_haram_ ဓာတ်ပုံ မူပိုင် GETTY
Image caption လေကြောင်း ဗုံးကြဲမှုတွေ ကြောင့် ထွက်ပြေး ကြရတဲ့ ဘိုကိုဟာရမ် တွေ ဟာ ချာ့ဒ်ရေအိုင်ထဲ ရေနစ် သေဆုံး။

အစ္စလာမ်မစ် စစ်သွေးကြွ ဘိုကိုဟာရမ် တွေ သိမ်းပိုက်ထားတဲ့ နိုင်ဂျီးရီးယား နိုင်ငံ အရှေ့မြောက်ပိုင်း က ဘားဂါ မြို့ ကို ပြန်လည် သိမ်းပိုက် လိုက်နိုင် တယ် လို့ နိုင်ဂျီးရီးယား စစ်တပ် က ဆိုပါတယ်။

ပြီးခဲ့တဲ့ လတုန်းက အဆိုပါ ဘားဂါ မြို့ မှာ ဘိုကိုဟာရမ် တွေ ရဲ့ အဆိုးရွားဆုံး တိုက်ခိုက်မှု ဖြစ်ခဲ့ပြီး လူတွေ ရာနဲ့ချီ အသတ် ခံခဲ့ ရ ပါတယ်။

ဘားဂါ မြို့ တိုက်ပွဲ အကြီးအကျယ် ဖြစ်ခဲ့ပြီး လေကြောင်း ဗုံးကြဲမှုတွေ ကြောင့် ထွက်ပြေး ကြရ တဲ့ ဘိုကိုဟာရမ် အများအပြား ဟာ အနီးနားက Lake Chad လို့ ခေါ်တဲ့ ချာ့ဒ်ရေအိုင် ထဲ ရေနစ် သေဆုံး ခဲ့ကြတယ် လို့ နိုင်ဂျီးရီးယား စစ်တပ် က ပြောပါတယ်။

အခုဆို ဘားဂါ မြို့ ဟာ ဘိုကိုဟာရမ် သူပုန်တွေ ရဲ့ ထိန်းချုပ်မှု အောက် မှာ ရှိမနေ တော့ဘူး လို့ တခြားရင်းမြစ် တွေ က လာတဲ့ သတင်းတွေ ကလည်း အတည်ပြု ပါတယ်။

အိမ်နီးချင်း ချာ့ဒ် နိုင်ငံ က စစ်သားတွေ ကလည်း နိုင်ဂျီးရီးယား ရဲ့ ပိုင်နက် အတွင်းပိုင်း ထဲထိ ဘိုကိုဟာရမ် တွေကို လိုက်လံ တိုက်ခိုက် နေကြတဲ့ အတွက် ဘိုကိုဟာရမ် တွေ အပေါ် ဖိအားတွေ တိုးမြှင့်လာတယ် လို့ နိုင်ဂျီးရီးယား မှာ ရှိတဲ့ ဘီဘီစီ သတင်းထောက် က ပြောပါတယ်။

တခါ၊ နိုင်ဂျီးရီးယား ရဲ့ အိမ်နီးချင်း နောက်တနိုင်ငံ ဖြစ်တဲ့ နီဂျဲ နိုင်ငံထဲ ရှိနေတဲ့ ချာ့ဒ်ရေအိုင် အစိတ်အပိုင်း ပေါ်က ကျွန်းကို ဘိုကိုဟာရမ် တွေ တိုက်ခိုက် လာခဲ့လို့ လူပေါင်း ၂၀ ကျော် သေဆုံး သွားကြောင်း သတင်းတွေ ထွက်ပေါ် လာပါတယ်။

ချာ့ဒ် နိုင်ငံမှာ ရောက်ရှိ နေတဲ့ ပြင်သစ် နိုင်ငံခြားရေး ဝန်ကြီး လော်ရဲန့် ဖဘျုးစ် က ဘိုကိုဟာရမ် တွေ ကို နှိမ်နှင်းရေး မှာ အာဖရိက နိုင်ငံ တွေ ဦးဆောင် ကြဖို့ မျှော်လင့် ထားပြီး ပြင်သစ် အနေနဲ့ လည်း အကူအညီ တွေ တိုးမြှင့် ပေးမယ် လို့ ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ