အိုဘားမားနဲ့ ကွန်ဂရက်လွှတ်တော် ထိပ်တိုက်တွေ့

  • 23 ဖေဖော်ဝါရီ 2015
obama_reforma_migratoria_ ဓာတ်ပုံ မူပိုင် Reuters
Image caption သမ္မတ အိုဘားမား ဘတ်ဂျက် ဆွေးနွေး

အမေရိကန် သမ္မတ အိုဘားမားနဲ့ ကွန်ဂရက် လွှတ်တော် မှာ ကြီးစိုးနေပြီ ဖြစ်တဲ့ ရီပတ်ဗလီကင် အမတ်တွေ အကြားမှာ ထိပ်တိုက် တိုးနေတဲ့ ကိစ္စ ကတော့ ပြည်တွင်းလုံခြုံရေး ဌာန အတွက် ဘတ်ဂျက် အသုံးစရိတ် ကို ဒေါ်လာ ဘီလီယံ လေးဆယ် ချပေးဖို့ တောင်းခံတဲ့ အတွက် ဖြစ်ပါတယ်။

ကွန်ဂရက်လွှတ်တော် မှ ရီပတ်ဗလီကင် အမတ်တွေ ကလည်း သမ္မတ အနေနဲ့ အမေရိကန် မှာ နေထိုင်ခွင့် မရသေးတဲ့ ပြည်ပ နိုင်ငံသား ငါးသန်းခန့် ကို ပြည်နှင်ဒဏ် ပေးရမဲ့ အစား နေထိုင်ခွင့် ပြုမှာ ကို ပိတ်ပင်လိုတဲ့ ဆန္ဒ ရှိနေကြပါတယ်။

ပြည်တွင်းလုံခြုံရေး ဌာန ဆိုတာကလည်း အမေရိကန် ရဲ့ နယ်နိမိတ်၊ သဘာဝ ဘေးအန္တရယ် ကာကွယ် စောင့်ရှောက်ရေး နဲ့ အကြမ်းဖက် တိုက်ခိုက်မှု တွေ ဖြေရှင်း ရေး စတာတွေ နဲ့ အကြုံးဝင်နေလို့ သမ္မတ တောင်းခံတဲ့ ဘတ်ဂျက် မချပေးပြန်ရင် လည်းပြဿနာ တွေ နဲ့ ရင်ဆိုင်နိုင်ပါသေးတယ်။ လက်ရှိ ဘတ်ဂျက် အစီအစဉ် ကလည်း အခုလာမဲ့ သောကြာနေ့ မှာ သက်တမ်း ကုန်တော့မှာပါ။

ဒီဘတ်ဂျက် သာ အချိန်မီ ကျမလာခဲ့ရင် အရင်ဆုံးထိခိုက်မဲ့ သူတွေ က ပြည်တွင်းလုံခြုံရေး ဌာန က ဝန်ထမ်းတွေ ဖြစ်ပါတယ်။ ဝန်ထမ်းပေါင်း နှစ်သိန်းခန့်ဟာ လစာမဲ့ အလုပ် လုပ်ရမှာ ဖြစ်သလို၊ ကျန်တဲ့ ဝန်ထမ်း သုံးသောင်း ဟာ ရုံးမတက်ပဲ အိမ်မှာ နေရမဲ့ ကိန်း ဆိုက်နေတာပါ။

သမ္မတ အိုဘားမား ဘက်ကတော့ ပြည်တွင်းလုံခြုံရေး အပိုင်းမှာ နိုင်ငံရေး အကွက် ကစားနေလို့ မဖြစ်ဘူး လို့ ဆိုပါတယ်။ ဝန်ထမ်းတွေ ကို လစာ ထုတ်မပေး နိုင်ဘူး ဆိုရင် မိမိတို့ သက်ဆိုင်ရာ ပြည်နယ် အတွင်းမှာ စီးပွားရေး၊ လုံခြုံရေး ကိစ္စရပ်တွေ ကို ဘယ်လို ဖြေရှင်းကြမှာလည်း၊ ဒီဝန်ထမ်းတွေ ရဲ့ လုပ်ဆောင်မှုတွေ ကြောင့် နယ်မြေ အေးချမ်း စည်ပင် ဝပြော နေတာကို ထောက်ပြ သွားပါတယ်။

ဒါကြောင့်မို့ တချို့ ရီပတ်ဗလီကင် ဆီးနိတ် အမတ်တွေ ကတော့ လတ်တလော အမေရိကန် ပြည်ထောင်စု ရင်ဆိုင်နေရတဲ့ နှင်းမုန်တိုင်း ကယ်ဆယ်ရေး၊ အကြမ်းဖက် ခြိမ်းခြောက်မှု စတာတွေ ကာကွယ်ရအောင် ပြည်တွင်းလုံခြုံရေး ဌာန ရဲ့ ဘတ်ဂျက် ကို ချပေးစေလိုပါတယ်။ လက်ရှိ အငြင်းပွား ကိစ္စရပ်တွေ ကို ဖယ်ဒရယ် တရားရုံး မှာ သမ္မတ အိုဘားမား ဟာ လုပ်ပိုင်ခွင့် ဘောင်ကို ကျော်နေပြီ ဆိုတဲ့ အချက် ထောက်ပြယင်း တရားသူကြီးရဲ့ အဆုံးအဖြတ် ခံယူဖို့ အကြံပြုကြ ပါတယ်။