ယူကရိန်း ကို ဗြိတိန်က စစ်သင်တန်း ပေးတော့မယ်

  • 24 ဖေဖော်ဝါရီ 2015
ukraine_weapons_index ဓာတ်ပုံ မူပိုင် AFP
Image caption ဗြိတိန်က ယူကရိန်းကို စစ်သင်တန်းပေးဖို့ပြင်

ဗြိတိသျှ ဝန်ကြီးချုပ် ဒေးဗစ်ကင်မရွန် က လာမဲ့ သီတင်းပတ် တွေ အတွင်းမှာ ယူကရိန်းစစ်တပ် ကို စစ်ရေး အကြံဉာဏ် နဲ့ စစ်သင်တန်း ပေးရအောင် ဗြိတိသျှ စစ်မှုထမ်း တချို့ စေလွှတ်မယ် လို့ ပြောလိုက်ပါတယ်။ ဒီသတင်း ထွက်လာတာနဲ့ ရုရှလိုလားတဲ့ သူပုန်တပ် က အရှေ့ယူကရိန်း ရှေ့တန်း စစ်မြေပြင် ဘက် မှာ တပ်ဆင်ထားတဲ့ လက်နက်ကြီး တွေ ကို အပစ်ရပ် သဘောတူချက် အရ ဆုတ်ခွာပေး မယ်လို့ ဆိုပါတယ်။ ဒါပေမဲ့ ယူကရိန်း အစိုးရ က မယုံသလို နေတိုး အုပ်စု ကလည်း မယုံပါဘူး။

ဝန်ကြီးချုပ်ကင်မရွန် ပြောတာက လာမဲ့လ ကျရင် ဗြိတိသျှ စစ်မှုထမ်း တွေဟာ စစ်ထောက်လှမ်းရေး ပညာရပ် က အစပြုလို့ စစ်မြေပြင် အရေးပေါ် ဆေးကုသမှု အထိ သင်တန်းပေးမှာ ဖြစ်တဲ့ အကြောင်း၊ ဒါကြောင့်မို့ ပထမ အသုတ် အနေနဲ့ ခုနှစ်ဆယ့်ငါး ဦး ကို စေလွှတ်မှာ ဖြစ်ပြီး အဖွဲ့တွေ ခွဲ၊ စစ်ရေး လေ့ကျင့်မှု ပေးမှာပါ လို့ ဆိုပါတယ်။ ဗြိတိသျှ စစ်တပ် အနေနဲ့ တိုက်ပွဲတွေ မှာ ဝင်တိုက်ပေးမှာ မဟုတ် သလို ထိပ်တိုက် စစ်ဖြစ်နေတဲ့ နေရာ နဲ့ ဝေးတဲ့ ဘက်မှာ သင်တန်းပေးမှာပါ လို့ ပြောတာပါ။

ဘီဘီစီ ကမ္ဘာ့ရေးရာ သတင်းထောက် ဂျော်နသန် မားကပ်စ် သုံးသပ်ပြတာကတော့ ပြီးခဲ့တဲ့ နှစ် ကတည်းက ဗြိတိသျှ တပ်တွေ ဟာ နေတိုး တပ်ဖွဲ့ တွေ နဲ့ ပူးပေါင်းပြီး ယူကရိန်းနိုင်ငံတွင်းမှာ စစ်ရေး လေ့ကျင့်မှု တွေ ပြုခဲ့ပေမဲ့ စစ်သင်တန်း ပေးတဲ့ အဆင့် မရောက်ခဲ့ လို့ အခုလို ဗြိတိန် ရော အမေရိကန် ပါ ပူးပေါင်း စစ်သင်တန်း တွေ ပေးမယ် ဆိုတဲ့ အချက် ဟာ အနောက်အုပ်စုဟာ ယူကရိန်း ဘက် က ရပ်တည် တယ် ဆိုတာ ကို ရုရှ ကို ပြသတဲ့ အကြောင်း ရှင်းပြပါတယ်။