သေဒဏ်အပြစ်ပေးမှု သူ့နိုင်ငံရဲ့ လုပ်ပိုင်ခွင့်လို့ အင်ဒိုသမ္မတပြော

  • 24 ဖေဖော်ဝါရီ 2015
ဓာတ်ပုံ မူပိုင် Getty
Image caption မူးယစ်ဆေးဝါးမှောင်ခိုကူးမှုနဲ့ အင်ဒိုနီးရှားမှာ သေဒဏ်ချခံနေရတဲ့ သြစတြေးလျ နိုင်ငံသား ၂ ယောက်

အင်ဒိုနီးရှားနိုင်ငံရဲ့ သေဒဏ် အပြစ်ပေးခွင့်အပေါ် ဘယ်သူ တဦးတယောက်မှ ဝင်ရောက်မစွက်ဖက်သင့်ဘူးလို့ အင်ဒိုနီးရှားသမ္မတ ဂျိုကို ဝီဒိုဒို က ထုတ်ဖော် ပြောကြားလိုက်ပါတယ်။

သမ္မတ ဝီဒိုဒိုဟာ သြစတြေးလျ၊ ဘရာဇီးလ်နဲ့ ပြင်သစ်နိုင်ငံ ခေါင်းဆောင်တွေရဲ့ ဖိအားပေးမှုကို ရင်ဆိုင်နေရတာ ဖြစ်ပြီး မူးယစ်ဆေး မှောင်ခိုကူးမှုနဲ့ အင်ဒိုနီးရှား အစိုးရရဲ့ သေဒဏ်ပေးခံရဖို့ ရှိတဲ့ နိုင်ငံခြားသား ၁၁ ဦးထဲမှာ အဲဒီ နိုင်ငံတွေက နိုင်ငံသားတွေ ပါဝင်နေပါတယ်။

သမ္မတ ဝီဒိုဒိုက အဲဒီ တရားခံတွေကို ကွပ်မျက်စီရင်ဖို့ အစီအစဉ်ကို ရွှေ့ဆိုင်းမှာ မဟုတ်ကြောင်းနဲ့ သူ့ရဲ့ လွတ်ငြိမ်းချမ်းသာခွင့် အာဏာကို အသုံးမပြုဖို့ သူ့အနေနဲ့ ဆုံးဖြတ်ထားပြီး ဖြစ်ကြောင်း ပြောပါတယ်။

လာမယ့် ရက်ပိုင်းအတွင်း ကွပ်မျက် စီရင်ခံရမယ့် သြစတြေးလျ နိုင်ငံသား နှစ်ဦးက ဥပဒေကြောင်းအရ နောက်ဆုံးအနေနဲ့ အယူခံလျှောက်ထားတာကို အင်ဒိုနီးရှား တရားရုံးက အစောပိုင်းတုန်းက ပယ်ချခဲ့ပါတယ်။