ဂျီဟာ့ဒီဂျွန် လိုအကြမ်းဖက်သမားတွေ လွတ်မထွက်ရေး

  • 27 ဖေဖော်ဝါရီ 2015
fbi_304x171 ဓာတ်ပုံ မူပိုင် AFP
Image caption FBI နဲ့ MI5 အေဂျင်စီ အပေါ် သုံးသပ်ချက်

သတင်းမီဒီယာ တွေမှာ ဂျီဟာ့ဒီ ဂျွန် လို့ လူသိများနေတဲ့ မျက်နှာဖုံးစွပ် ဂျီဟဒ် လူသတ်သမား ရဲ့ အမည် ကို မိုဟာမက် အမ်ဝါဇီ လို့ ဖေါ်ထုတ်ယင်း၊ လန်ဒန်မြို့ အနောက်ပိုင်း မှာနေထိုင်ခဲ့သူ၊ ကူဝိတ်နိုင်ငံ မှာ မွေးဖွားပြီး ယူကေမှာ အခြေချ၊ ပညာသင်ခဲ့တဲ့ လူငယ် တဦး အဖြစ်ဖေါ်ထုတ် လိုက်ပါတယ်။ သူ့ ကို ဘယ်နည်းနဲ့ ဖေါ်ထုတ်ခဲ့တယ် ဆိုတာနဲ့ ပတ်သက်လို့ ဘီဘီစီ သတင်းထောက် ဖရင့်ဂါဒနာ က ရှင်းပြ ရာမှာ ပြီးခဲ့တဲ့ စက်တင်ဘာလ ကတည်း က သူ့ ကို အမေရိကန် အက်ဖ်ဘီအိုင်၊ ဗြိတိန် အမ်အိုင် ဖိုက် နဲ့ အခြား ထောက်လှမ်းရေး ဌာန တွေ က သိကြကြောင်း ဆိုပါတယ်။

ဂျီဟာ့ဒီ ဂျွန် ဘယ်သူဘယ်ဝါ ဆိုတာ သိရအောင် သူ့ ရဲ့ အိုင်အက်စ် ဗီဒီယိုက တဆင့် ခြိမ်းခြောက်စကား တွေ ပြောတဲ့ အသံ ကို ဖေါ်ထုတ်တဲ့ ဆော့ဖ်ဝဲ၊ တံဆာခံ အဖြစ် အဖမ်းခံရဖူးသူ တွေ နဲ့ မေးမြန်းချက်၊ လန်ဒန်မြို့ အသိုင်းအဝိုင်း မှာ သူ နဲ့ နီးစပ် သူတွေ ထဲက မေးမြန်းချက် စတာတွေ အခြေခံတယ် လို့ သိရပါတယ်။

တကယ်တော့ ထောက်လှမ်းရေး အေဂျင်စီ တွေ က သူ့ အမည် ကို စစ်ဆင်ရေး တရပ် အနေနဲ့ ထိန်ဝှက်ထား လိုတာပါ။ သူ ဆီးရီးယား ကို အိုင်အက်စ်အဖွဲ့ ထဲဝင်ဖို့ ထွက်မသွားခင် မှာ သူကို သတင်းပေး အနေနဲ့ ဗြိတိန် အမ်အိုင် ဖိုက် က သိမ်းသွင်းဖို့ ကြိုးပမ်း ပါသေးတယ်။

အခုလို မသင်္ကာဖွယ် လူတွေ ကို ထောက်လှမ်းရေး အဖွဲ့တွေ က စောင့်ကြည့် နေတဲ့ကြား က အန္တရာယ် ပေးနိုင်တဲ့ အကြမ်းဖက် သမားတွေ ဖြစ်လာတာနဲ့ ပတ်သက်လို့ Royal United Services Institute က လုံခြုံရေးဆိုင်ရာ ပညာရှင် Rafaello Pantucci က ဒီလိုလူမျိုးတွေ ကို မျက်စိအောက် က အပျောက်မခံသင့် ဘူး လို့ ဝေဖန်လိုက်ပါတယ်။

ဒါပေမဲ့ ဗြိတိသျှ ပါလီမန် မှ ထောက်လှမ်းရေး နဲ့ လုံခြုံရေး ဆိုင်ရာ ကော်မတီ အဖွဲ့ဝင်၊ လွှတ်တော် အမတ် Sir Manzies Campbell ကတော့ ဒီလိုလူမျိုးတွေ ကို အမြဲတန်း မျက်ခြေမပြတ် စောင့်ကြည့် နိုင်ရေး က ဘတ်ဂျက်ငွေ ပိုမို သုံးစွဲဖို့ လိုကြောင်း၊ လုံခြုံရေး အဖွဲ့တွေ အနေနဲ့ သတင်းဇစ်မြစ် အရ ဘယ်သူ့ ကို ဦးစားပေး စောင့်ကြည့် ရမှာလည်း၊ ဘယ်သူ့ ကို နောက်ယောင်ခံ လိုက်ရမှာလည်း ဆိုတဲ့ အချက်တွေ က အခြေခံ ကျတဲ့ မေးခွန်းတွေ ဖြစ်လာပြီ ဆိုတာ ပြောတာ ကို ဘီဘီစီ သတင်းထောက် ဖရင့်ဂါဒနာ က ရှင်းပြသွားပါတယ်