အမေရိကန် ဘလော့ဂါ ဒါကာမှာ ခေါင်းဖြတ်သတ်ခံရ

  • 27 ဖေဖော်ဝါရီ 2015
ဓာတ်ပုံ မူပိုင် AFP
Image caption ဘလော့ဂါ အသတ်ခံရမှုကို ဆန့်ကျင်တဲ့ ကျောင်းသားတွေ စုရုံး ဆန္ဒပြ

ဘာသာရေး အစွန်းရောက်မှုတွေကို ပွင့်ပွင့်လင်းလင်း ဝေဖန်သူ ဘင်္ဂလားဒက်ရှ် နွယ်ဖွား အမေရိကန် နိုင်ငံသား အထင်ကရ ဘလော့ဂါ တစ်ဦးဟာ ဘင်္ဂလားဒေ့ရှ် နိုင်ငံ၊ ဒက်ကာ မြို့ကို သွားရောက် လည်ပတ်စဉ် အတွင်း ခေါင်းဖြတ်သတ် ခံခဲ့ရပါတယ်။

အမေရိကန် နိုင်ငံမှာ နေထိုင်တဲ့ Avijit Roy ဟာ စာပေ ပွဲတော် တစ်ခု တက်ရောက်ဖို့ ဇနီးသည်နဲ့ အတူ ဒက်ကာမြို့ကို ရောက်ရှိ နေတာပါ။

ဘာသာရေး လွှမ်းမိုးမှု လွတ်ကင်းတဲ့ အယူအဆ သဘောထားတွေကို ထုတ်ဖော် ပြောဆိုခဲ့တဲ့ အဗီဂျစ် ရွိုင်းဟာ အစ္စလာမ် ဘာသာကို ဆန့်ကျင်သူအဖြစ် ဝေဖန်ခံ နေရပြီး ခြိမ်းခြောက်မှုတွေနဲ့ ရင်ဆိုင် ခဲ့ရသူ ဖြစ်ပါတယ်။

အဗီဂျစ် ရွိုင်း အသတ်ခံရမှုကို ဆန့်ကျင်တဲ့ အနေနဲ့ ရာနဲ့ချီတဲ့ ကျောင်းသားတွေ ဒါကာမြို့မှာ စုရုံး ခဲ့ကြပါတယ်။

ဒီအမှုနဲ့ ပတ်သက်ပြီး ဘယ်သူ့ကိုမှ ဖမ်းဆီးခြင်း မရှိသေးဘဲ စုံစမ်း စစ်ဆေးမှုတွေ လုပ်နေတယ်လို့ ဘင်္ဂလားဒေ့ရှ် ရဲတွေက ပြောပါတယ်။

လွန်ခဲ့တဲ့ ၂ နှစ် တုန်းကလည်း ဘာသာရေး အစွန်းရောက်မှုကို တိုက်ခိုက် ပြောဆိုခဲ့တဲ့ နောက်ထပ် ဘလော့ဂါ တစ်ဦး ဖြစ်သူ Ahmed Rajib Haider ဆိုသူလည်း ဒါကာ မြို့မှာပဲ သတ်ဖြတ် ခံခဲ့ရပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ