ရုရှားအတိုက်အခံ လုပ်ကြံခံရမှုကို ဝမ်းနည်းကြောင်း ချီတက် ဆန္ဒပြ

  • 1 မတ် 2015
ဓာတ်ပုံ မူပိုင် Reuters
Image caption ဘောရစ် နမ့်ဆော့ဗ် လုပ်ကြံခံရမှုမှာ ရုရှားအစိုးရ ပါဝင် ပတ်သက်နိုင်တယ် ဆိုတဲ့ စွပ်စွဲမှုတွေ ထွက်ပေါ်နေ

ရုရှားနိုင်ငံမှာ အတိုက်အခံ ခေါင်းဆောင် ဘောရစ်စ် နမ့်ဆော့ဗ် လုပ်ကြံခံခဲ့ရတာကို ဝမ်းနည်းကြောင်း အထိမ်းအမှတ်အဖြစ် မော်စကိုမြို့ ချီတက် ဆန္ဒပြပွဲမှာ လူ သောင်းနဲ့ချီ ပါဝင် ချီတက်ခဲ့ကြပါတယ်။

ချီတက် ဆန္ဒပြသူတွေဟာ ရုရှား နိုင်ငံတော် အလံကို ကိုင်ဆောင် လွှင့်ထူခဲ့ကြပြီး မစ္စတာ နမ့်ဆော့ဗ် ရဲ့ ဓါတ်ပုံနဲ့ အတူ ရုရှား နိုင်ငံ လွတ်လပ်ရေးအတွက် သူ တိုက်ပွဲ ဝင်သွားခဲ့တယ်၊ ရုရှားနိုင်ငံရဲ့ အနာဂတ်အတွက် သူစတေးခံသွားခဲ့တယ် လို့ ဖေါ်ပြထားတဲ့ ဆိုင်းဘုတ်တွေကို ကိုင်ဆောင် ချီတက်ခဲ့ကြပါတယ်။

မစ္စတာ နမ့်ဆော့ဗ်ကို လုပ်ကြံခဲ့သူတွေကို ဥပဒေအရ အရေးယူနိုင်မယ့် ပုံ သိပ်မရှိဘူးလို့ သူ့ရဲ့ ရှေ့နေက ဘီဘီစီကို ပြောပါတယ်။

ဒီလုပ်ကြံမှုနဲ့ ပတ်သက်လို့ လုပ်ကြံသူတွေဟာ ကိုယ့်အရေးကိုသာ ကိုယ်ကြည့်တတ်တဲ့ သူတွေလို့ ရုရှား သမ္မတ ပူတင်က ရှုတ်ချ ပြောဆိုခဲ့ပြီး လူသတ်သမားတွေ ကို ဖော်ထုတ်မယ် လို့ ကြေညာထားပေမယ့် ဘောရစ်စ် နမ့်ဆော့ဗ်နဲ့ နီးစပ်သူတွေ ကတော့ ဘောရစ်စ် နမ့်ဆော့ဗ် ဟာ သမတ ပူတင်ရဲ့ အဂတိ လိုက်စားမှုတွေ၊ အာဏာရှင်ဆန်မှုတွေနဲ့အတူ ယူကရိန်းအရေး အကြောင်း ဝေဖန်ခဲ့သူ ဖြစ်တာကြောင့် အခုလုပ်ကြံသတ်ဖြတ်မှု မှာ သမတ ပူတင် ပါဝင် ပတ်သက်မှု ရှိနိုင်တယ် ဆိုပြီး စွပ်စွဲပြောဆိုနေကြပါတယ်။