အီ​ရန်​နျူ​က​လီ​ယာ​အရေး ကန့်​ကွက်​မယ်​လို့ အစ္စရေး​ဝန်ကြီး​ချုပ် ပြော

sp_netanyahu ဓာတ်ပုံ မူပိုင် Reuters
Image caption အီရန် ရဲ့ နျူကလီယာ ရည်မှန်းချက် အပေါ် သဘောတူမှု တစ်ရပ် ရလာအောင် ဆောင်ရွက်နေတာ ကို အစ္စရေး ဝန်ကြီးချုပ် ဆန့်ကျင်။

အစ္စရေး ဝန်ကြီးချုပ် နာတန်ယာဟု ဟာ အမေရိကန် ကွန်ဂရက်စ် လွှတ်တော် မှာ မတ်လ ၃ ရက် အင်္ဂါနေ့ မှာ မိန့်ခွန်း ပြောကြား ဖို့ ရှိနေ ပါတယ်။

အီရန် ရဲ့ နျူကလီယာ အစီအစဉ် နဲ့ ပတ်သက်ပြီး လက်ခံ သဘောတူမှု တစ်ရပ် ရရှိလာအောင် အမေရိကန် အပါအဝင် ကမ္ဘာ့ အင်အားကြီး နိုင်ငံတွေ ဆောင်ရွက် နေမှု ဟာ အစ္စရေး နိုင်ငံ ရှင်သန် တည်တံ့ ရေး ကို ခြိမ်းခြောက် မှု ဖြစ်နိုင်တဲ့ အကြောင်းနဲ့၊ အဲဒီ့လို လုပ်ဆောင် နေမှုတွေ အပေါ် အမေရိကန် ကွန်ဂရက်စ် လွှတ်တော် မှာ ဆန့်ကျင် ကန့်ကွက် သွားမှာ ဖြစ်တယ် လို့ ဝန်ကြီးချုပ် နာတန်ယာဟု က ဆိုပါတယ်။

အခုလို ကွန်ဂရက်စ် လွှတ်တော် မှာ စကား ပြောကြား တာဟာ အမေရိကန် သမ္မတ အိုဘားမား အပေါ် မထီမဲ့မြင် ပြုမူတာ မဟုတ်ကြောင်း၊ သဘောထား ခံယူချက် အမြင်ကို ပွင့်လင်းစွာ ထုတ်ဖော် ပြောဖို့ ကျင့်ဝတ်ပိုင်း အရ ကို သူ့မှာ တာဝန် ရှိနေ တဲ့ အကြောင်း လည်း အစ္စရေး ဝန်ကြီးချုပ် က ပြောပါတယ်။

ဂျနီဗာ မြို့တော်မှာ အီရန် နိုင်ငံခြားရေး ဝန်ကြီး နဲ့ တွေ့ဆုံ နေတဲ့ ဂျွန်ကယ်ရီ ကတော့ အီရန် နဲ့ နျုကလီယာ အရေး သဘောတူမှု ရနိုင်ဖို့ ဆိုရင် အီရန် အနေနဲ့ လုပ်ဆောင် ပြရမှာ တွေ ရှိတယ် လို့ ပြောပါတယ်။

အီရန် ရဲ့ နျူကလီယာ ရည်မှန်းချက် ဟာ လက်နက် ပိုင်ဆိုင်ဖို့ မဟုတ်ပဲ ငြိမ်းချမ်း တဲ့ ရည်ရွယ်ချက် သာ ထားရှိကြောင်း ကို အီရန် အနေ နဲ့ အစစ်ဆေး ခံနိုင်ရမှာ ဖြစ်တယ် လို့ ဝန်ကြီး ကယ်ရီ က ဆိုပါတယ်။

အီရန် ရဲ့ နျုကလီယာ လက်နက် ထုတ်နိုင်စွမ်း ကို ကန့်သတ် ထိန်းချုပ်ခွင့် ပေးခဲ့ရင် အပြန်အလှန် အနေနဲ့ အီရန် အပေါ် ချမှတ် ထား တဲ့ ပိတ်ဆို့ အရေးယူမှု တွေ ကို ဖြေလျှော့ ပေးမယ် ဆိုတဲ့ သဘောတူမှု ရလာ ဖို့ အမေရိကန် က အီရန် နဲ့ ဆွေးနွေး နေတာ ဖြစ်ပါတယ်။