ယူကရိန်း အပစ်ရပ်ရေး အကောင်အထည်ပေါ်ဖို့ ကန် မျှော်လင့်

ဓာတ်ပုံ မူပိုင် AP
Image caption အပစ်ရပ်ရေး အစီအစဉ် နာရီပိုင်း အတွင်း အကောင်အထည် ပေါ်ဖို့ ဂျွန်ကယ်ရီ မျှော်လင့်

ယူကရိန်း အရှေ့ပိုင်းမှာ အပစ်ရပ်ရေး သဘောတူညီချက်ကို နာရီပိုင်းအတွင်း လိုက်နာ အကောင်အထည် ဖော်ဖို့ အမေရိကန်က မျှော်လင့်ကြောင်း နိုင်ငံခြားရေး ဝန်ကြီး ဂျွန်ကယ်ရီက ပြောလိုက်ပါတယ်။

တကယ်လို့ သဘောတူညီချက် အတိုင်း မလိုက်နာရင် ရုရှား အနေနဲ့ အရင်က ကြုံခဲ့ဖူးသလို အကျိုးဆက်တွေကို ထပ်မံ ရင်ဆိုင်ရမှာ ဖြစ်တယ်လို့ ရုရှား နိုင်ငံခြားရေး ဝန်ကြီးကို သတိပေးခဲ့ကြောင်းလည်း မစ္စတာ ကယ်ရီက ပြောပါတယ်။

ရုရှား နိုင်ငံခြားရေး ဝန်ကြီး ဆာဂျေ လက်ဗ်ရော့ဗ် ကတော့ အပစ်ရပ်ရေး အစီအစဉ်မှာ မြင်သာတဲ့ တိုးတက်မှုတွေ ရှိနေတယ်လို့ ကုလ သမဂ္ဂကို ပြောပါတယ်။

ယူကရိန်း အစိုးရနဲ့ ခွဲထွက်ရေး သူပုန်တွေ နှစ်ဘက် စလုံးက လက်နက်ကြီး တွေကို ရှေ့တန်းကနေ ရုပ်သိမ်း နေပြီလို့ ဆိုပေမယ့် တိုက်ခိုက်မှုတွေ ဆက်ရှိ နေတာကြောင့် အပစ်ရပ်ရေး အစီအစဉ် ပျက်ယွင်း သွားနိုင်တဲ့ စိုးရိမ်မှုတွေ ရှိနေပါတယ်။

လက်နက် ရွှေ့ပြောင်းမှုတွေ နှစ်ဘက်စလုံးက လုပ်ဆောင် နေကြတာကို တွေ့ရတယ်လို့ ဥရောပ လုံခြုံရေးဆိုင်ရာ စောင့်ကြည့်ရေး အဖွဲ့ OSCE က ပြောပေမယ့် အလုံးစုံ ရုပ်သိမ်းမှု ဟုတ်မဟုတ် အတည်ပြုဖို့ စောသေးတယ်လို့ ပြောပါတယ်။

ယူကရိန်း အရှေ့ပိုင်း စစ်ပွဲတွေ အတွင်း အရပ်သား ပြည်သူ အနည်းဆုံး ခြောက်ထောင်လောက် သေဆုံး ခဲ့ရတယ်လို့ ကုလ သမဂ္ဂ လူ့အခွင့်အရေး ကောင်စီ ရုံးက ထုတ်ပြန် ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ