အိန္ဒိယ မဟာရက်ရှ်ထရာ ပြည်နယ်မှာ အမဲသား ပိတ်ပင်

ဓာတ်ပုံ မူပိုင် Reuters
Image caption အိန္ဒိယမှာ ၁ ဒသမ ၂ ဘီလျံ ရှိတဲ့ ဟိန္ဒူတွေက နွားကို အထွဋ်အမြတ်ထား

အိန္ဒိယ နိုင်ငံ အနောက်ပိုင်း၊ မဟာရက်ရှ်ထရာ ပြည်နယ်မှာ အမဲသား စားသုံးမှု တားမြစ်တဲ့ ဥပဒေကို အိန္ဒိယ သမ္မတက အတည်ပြု လိုက်ပါတယ်။

ဒီဥပဒေကို ဟိန္ဒူ အမျိုးသားရေး ပါတီတွေ ကြီးစိုးတဲ့ မဟာရက်ရှ်ထရာ ပြည်နယ် အစိုးရက အဆိုပြုခဲ့တာ ဖြစ်ပြီး ဒီဥပဒေအရ အမဲသား လက်ဝယ် တွေ့ရှိသူကို ထောင်ဒဏ် ၅ နှစ်အထိ ပြစ်ဒဏ် ချမှတ် ခံရနိုင်ပါတယ်။

အိန္ဒိယ လူဦးရေရဲ့ ၈၀ ရာခိုင်နှုန်း ရှိတဲ့ ဟိန္ဒူတွေ အနေနဲ့ နွားသတ္တဝါကို အလေးအမြတ် ထားတာကြောင့် နွားသတ်တာနဲ့ အမဲသား ရောင်းဝယ်တာတွေကို ပြည်နယ် အတော်များများမှာ တားမြစ် ထားပါတယ်။

ဒါပေမယ့် အိန္ဒိယမှာ ရောင်းဝယ် ကြတဲ့ အမဲသား အများစုဟာ ကျွဲသားတွေသာ ဖြစ်တယ်လို့ ဘီဘီစီ သတင်းထောက်က ပြောပါတယ်။ မဟာရက်ရှ်ထရာ ပြည်နယ်က အမဲသား စျေးကွက်မှာတော့ ၂၅ ရာနှုန်း လောက်သာ ကျွဲသား ပါဝင်နေလို့ အခုလို ပိတ်ပင်တာ ဖြစ်နိုင်တယ်လို့ ဆိုပါတယ်။

မဟာရက်ရှ်ထရာ ပြည်နယ်ထဲမှာ အိန္ဒိယရဲ့ စီးပွားရေး အချက်အချာနဲ့ အကြီးဆုံးမြို့ ဖြစ်တဲ့ မွမ်ဘိုင်းမြို့ တည်ရှိပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ