ဥရောပသမဂ္ဂ အစည်းဝေးမှာ ယူကရိန်းအရေးဆွေးနွေး

  • 6 မတ် 2015
_eu_meeting_304x171 ဓာတ်ပုံ မူပိုင် AFP
Image caption ဥရောပ သမဂ္ဂ နိုင်ငံခြားရေးဝန်ကြီးများ

ယူကရိန်းနိုင်ငံ နဲ့ လစ်ဗျား နိုင်ငံအရေး နဲ့ ပတ်သက်လို့ ဥရောပ သမဂ္ဂ အဖွဲ့ဝင် နိုင်ငံတွေ က နိုင်ငံခြားရေး ဝန်ကြီး တွေ ဟာ လတ်ဗီးယား နိုင်ငံ ရီဂါ မြို့တော် မှာ နှစ်ရက်ကြာ ဆွေးနွေး ရာ မှာ မနေ့ က တော့ ပြီးသွားပါပြီ၊ အထူးသဖြင့် ဘောလ်တစ် ပင်လယ်တဝိုက် က နိုင်ငံတွေ အနေနဲ့ တော့ ရုရှ ရဲ့ ကျူးကျော်မှု ကို စိုးရိမ် နေကြ တာ ဖြစ်ပါတယ်။

လတ်ဗီးယား ဆိုရင်လည်း နိုင်ငံတွင်းမှာ ရုရှ စကားပြော လူဦးရေ က နိုင်ငံ့လူဦးရေ ရဲ့ လေးပုံတပုံ၊ အရေအတွက် အားဖြင့် ငါးသိန်း ရှိနေတဲ့ အတွက် ရုရှ က ထုတ်လွှင့် ပြသတဲ့ ရုပ်သံ သတင်းတွေက ဆိုရင် အီးယူ နိုင်ငံ ဆန့်ကျင်တဲ့ ဝါဒဖြန့် မှု တွေ နဲ့ ဖုံးလွှမ်းနေလို့ နိင်ငံတွင်း မငြိမ်မသက် ဖြစ်မှာ ကို စိုးရိမ် နေပါတယ်။

ယူကရိန်းနိုင်ငံတွင်းမှာလည်း ရုရှတပ်တွေ က စိမ့်ဝင်လျက်ရှိနေတဲ့ အကြောင်း အနည်းဆုံး တပ်အင်အား ၁၈၀၀၀ ခန့် ရှိနိုင်တဲ့ အကြောင်း ယူကရိန်း အစိုးရ သတင်းရပ်ကွက် က ဘီဘီစီ ကို ပြောပါတယ်။

ဗြိတိသျှ နိုင်ငံခြားရေး ဝန်ကြီး ဖိလစ် ဟမ်မွန် က ရုရှ အစိုးရ အနေနဲ့ အပစ်အခတ် ရပ်ဆဲရေး သဘောတူညီချက် ကို ချိုးဖေါက်ရင် နောက်ထပ် အရေးယူမှု ကို ပြုရမှာပဲ လို့ ပြောပါတယ်။ အီးယူ အနေနဲ့ ရုရှ ဖက် က နောက်ထပ် ရန်လို ကျူးကျော်မှု တွေ ပြုလာရင်တော့ ဒဏ်ခတ် အရေးယူမှု အသစ် ကို ချမှတ် ဆောင်ရွက် ဖို့ ပြင်ဆင် ထားဖို့ လိုနေပြီ လို့ ပြောပါတယ်။

ယူကရိန်း နိုင်ငံခြားရေးဌာန မှ ဒုဝန်ကြီး နာတာလီယာ ဂယ်လီဘရင်ကို ကလည်း ယူကရိန်း ကို အကူအညီ ထပ်ပေး ဖို့ ပြောပါတယ်။ ယူကရိန်းဘက်က ပေးချင်တဲ့ သတင်းစကား ကတော့ ယူကရိန်း ကို အထောက်အကူ ပြုကြတဲ့ နေရာမှာ ငွေကြေး အရ ရော ၊ နိုင်ငံ ပြန်လည် ပြုပြင်ရေး အပိုင်းမှာ အကြံဉာဏ်တွေ ပေးဖို့ နဲ့ နောက်တချက် က ရုရှ အစိုးရ ကို ဖိအားပေးဖို့ ပါပဲ လို့ ပြောသွားပါတယ်။