လေယာဉ် စက်ချို့ယွင်းလို့ ဟယ်ရီဆင်ဖို့ဒ် ဒဏ်ရာရ

ဓာတ်ပုံ မူပိုင် AP
Image caption ဂေါက်ကွင်းထဲ အရေးပေါ် ဆင်းခဲ့ရပြီးနောက် ဟယ်ရီဆင်ဖို့ဒ် ဆေးရုံတက် နေရ

ဟောလီးဝုဒ် ရုပ်ရှင်မင်းသား Harrison Ford ဟာ ကြာသပတေးနေ့ ညက တစ်ကိုယ်တည်း လေယာဉ် မောင်းလာစဉ် Los Angeles မြို့က ဂေါက်ကွင်း တစ်ခုထဲကို အရေးပေါ် ဆင်းသက် ခဲ့ရအပြီး အခုအခါ ဆေးရုံတက် ဆေးကုသ ခံနေပါတယ်။

အသက် ၇၂နှစ် အရွယ် Harrison Ford ဟာ လေယာဉ်မောင်း ဝါသနာ ပါသူ တစ်ဦး ဖြစ်ပါတယ်။

မနေ့က လေယာဉ် စအထွက်မှာပဲ အင်ဂျင်စက် ချို့ယွင်း ခဲ့တဲ့အတွက် အရေးပေါ် ဆင်းသက် ခဲ့ရတာပါ။

ဆရာဝန် နှစ်ဦး အပါအဝင် ဂေါက်ရိုက် နေသူတွေက သူ့ကို လေယာဉ်ထဲကနေ ဆွဲထုတ် ကယ်ဆယ်ခဲ့ကြပါတယ်။

သူ့ခေါင်းမှာ ပေါက်ပြဲ ဒဏ်ရာ ရခဲ့ပေမယ့် အသက်အန္တရာယ် ထိခိုက် လောက်အောင် မစိုးရိမ် ရဘူးလို့ သိရပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ