ရှေးဟောင်းမြို့ကို IS ဖျက်ဆီးမှု ကမ္ဘာအနှံ့ တုန်လှုပ်

ဓာတ်ပုံ မူပိုင် AFP
Image caption အတုအယောင် ရုပ်တုတွေ ဖြစ်တယ်လို့ IS က ပြော

အီရတ် နိုင်ငံမှာ ရှိတဲ့ ရှေးဟောင်း နင်မ်ရုဒ် Nimrud မြို့ကို IS အစ္စလာမ္မစ် နိုင်ငံ အဖွဲ့က မြေလှန် ဖျက်ဆီး ပစ်နေတာနဲ့ ပတ်သက်ပြီး ကမ္ဘာအနှံ့က ရှေးဟောင်း သုတေသန ပညာရှင်တွေနဲ့ အရာရှိတွေက တုန်လှုပ် ဒေါသဖြစ်မှုတွေ ဖော်ပြ ခဲ့ကြပါတယ်။

IS စစ်သွေးကြွတွေဟာ ဘီစီ ၁၃ ရာစုက တည်ထောင်ခဲ့ပြီး သက်တမ်း ၃ ထောင်နီးပါး ရှိနေပြီ ဖြစ်တဲ့ သမိုင်းဝင် နင်မ်ရုဒ် မြို့ဟောင်းကို ကြာသပတေးနေ့က စပြီး မြေတူးစက်ကြီးတွေနဲ့ ဖြိုချ ဖျက်ဆီး ခဲ့ကြတယ်လို့ အီရတ် အရာရှိတွေက ပြောပါတယ်။

ကုလသမဂ္ဂရဲ့ ပညာရေး၊ သိပ္ပံနဲ့ ယဉ်ကျေးမှု ဆိုင်ရာ အဖွဲ့ UNESCO ကလည်း ဒီလုပ်ရပ်ကို အပြင်းအထန် ရှုံ့ချ လိုက်ပြီး ဒါဟာ စစ်ရာဇဝတ်မှု ကျူးလွန်တာ ဖြစ်တယ်လို့ ပြောဆိုလိုက် ပါတယ်။

နင်မ်ရုဒ် မြို့ဟာ အက်ဆီရီယန်း အင်ပါယာ မြို့တော် ဖြစ်ခဲ့ပြီး မိုဆူးလ်မြို့ တောင်ဘက် တိုက်ဂရစ် မြစ်ကမ်းပါး ပေါ်မှာ ရှိတဲ့ အဲဒီ မြို့ဟောင်း အကြွင်းအကျန် တွေကို ကမ္ဘာ့ ရှေးဟောင်း အမွေအနှစ်တွေ အဖြစ် သတ်မှတ် ထားတာပါ။

အီရတ်နဲ့ ဆီးရီးယားက နယ်မြေ အတော်များများကို ထိန်းချုပ် ထားဆဲ ဖြစ်တဲ့ IS အဖွဲ့ကတော့ အဲဒီ ရုပ်တုတွေနဲ့ ဗိမာန်တွေဟာ အတုအယောင် ကိုးကွယ်စရာတွေ ဖြစ်လို့ ဖျက်ဆီးပစ်ရမှာ ဖြစ်တယ်လို့ ဆိုပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ