လွှတ်တော်​တွင်း​ကြားနာ​မှု​ထဲ ပါဝင်​ဖို့ NNER ရွှေ့​ဆိုင်း

nner_educationlaw
Image caption ဥပဒေ ပြင်ဆင်ရေး ကို စတင် တောင်းဆိုခဲ့ ကြတဲ့ ကျောင်းသား တွေ အနေနဲ့ ပါ၀င် ဆွေးနွေး လို့ မရ နိုင် ဖြစ်နေရတဲ့ အခြေအနေ ကို ဖြေရှင်း ပြီးမှ လွှတ်တော် တွင်း လုပ်ငန်းစဉ်မှာ ပါဝင် မယ် လို့ NNER ပြော။

အမျိုးသား ပညာရေး ဥပဒေ ပြင်ဆင်ရေး လွှတ်တော်တွင်း ကြားနာ နေမှု မှာ ပါဝင် ဆွေးနွေးဖို့ ရွှေ့ဆိုင်း လိုက်တယ် ဆိုပြီး ၄ ပွင့်ဆိုင် ထဲ ပါ၀င်တဲ့ NNER ပညာရေး ကွန်ရက် က ပြောလိုက်ပါ တယ်။

ဥပဒေ ပြင်ဆင်ရေး ကို စတင် တောင်းဆိုခဲ့ ကြတဲ့ ကျောင်းသား တွေ အနေနဲ့ ပါ၀င် ဆွေးနွေး လို့ မရနိုင် ဖြစ်နေရတဲ့ အခြေအနေ ကို ဖြေရှင်းပြီး မှ လွှတ်တော် တွင်း လုပ်ငန်းစဉ် မှာ ပါဝင်မှာ ဖြစ်တယ် လို့ NNER အဖွဲ့ဝင် တစ်ဦး ဖြစ်တဲ့ လူ့ဘောင်သစ် ဒီမိုကရက်တစ် ပါတီ က မနှင်းနှင်းဖွေး က ဘီဘီစီ ကို ပြောပါတယ်။

ဒီမို ကရေစီ ပညာရေး ပင်မ သပိတ် စစ်ကြောင်း ဟာ လက်ပံတန်း မြို့မှာ လုံခြုံရေး အဖွဲ့တွေ ရဲ့ ပိတ်ဆို့ခံ နေရတဲ့ အတွက် အဲဒီ့မှာ ရှိနေတဲ့ ကျောင်းသား ကိုယ်စားလှယ် တွေ ဟာ လွှတ်တော် ဆွေးနွေးပွဲ ကို မလာနိုင်ကြ လို့ ကျန် ကျောင်းသား ကိုယ်စားလှယ် တွေလည်း လွှတ်တော် တွင်း ဆွေးနွေးပွဲ ကနေ ထွက်ခွာ ခဲ့ပြီ ဖြစ်ပါတယ်။

၄ ပွင့်ဆိုင် ဆွေးနွေး က သဘောတူ ထား မှု တွေ ကို ချိုးဖောက်ပြီး ပညာရေး သပိတ် ကို ထောက်ခံ သူတွေ ကို တရားစွဲတာ တွေ၊ ဆန္ဒပြသူ တွေ ကို အင်အားသုံး ဖြိုခွဲ ဖမ်းဆီး တာတွေ လည်း အာဏာပိုင် တွေ ဘက်က လုပ်ဆောင် လာတယ် လို့ NNER က ဆိုပါတယ်။

ရန်ကုန် မြို့တော် ခန်းမရှေ့ တာဝန် လက်ပတ် အနီစီး အရပ် ဝတ် တွေ နဲ့ ရဲ တွေဟာ ဆန္ဒပြသူ တွေ ကို ရိုက်နှက် ဖမ်းဆီးခဲ့တာ ကို ကန့်ကွက်ဖို့ လက်ပံတန်း မြို့ထဲ သွားရောက် ခဲ့တဲ့ ပင်မ သပိတ် စစ်ကြောင်း က ကျောင်းသား ၅ ဦး လည်း သောကြာနေ့ က အဖမ်းခံခဲ့ ရပါတယ်။

အဲဒီ့ ကျောင်းသား ၅ ဦး ကို သာယာ၀တီ ထွေအုပ် ရုံး မှာ ပထမ ထိန်းသိမ်း ထားခဲ့ရာက အခုဆို လက်ပံတန်း ရဲ စခန်း ကို ပြန်ခေါ်လာကြောင်း သိရပြီး သပိတ် စခန်းကို ပြန်ရောက် မလာ သေးဘူး လို့ ဗကသ ရဲ့ ဗဟိုလုပ်ငန်းကော်မတီ က ထုတ်ပြန် ထားပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ