လူမည်းရပိုင်ခွင့် ချီတက်ပွဲ နှစ်၅၀ ပြည့်

  • 7 မတ် 2015
ear_gas_selma_ ဓာတ်ပုံ မူပိုင် AP
Image caption ချီတက် ဆန္ဒပြသူတွေ ကို ဖြိုခွဲ

အမေရိကန်ပြည်ထောင်စု၊ အယ်လာဘားမား ပြည်နယ် က ဆယ်လ်မာမြို့ မှာ ပြည်သူ့ အခွင့်အရေး ရပိုင်ခွင့် ကို လူမည်းတွေ ချီတက် တောင်းဆိုခဲ့မှု ဟာ မနေ့ က နှစ် ၅၀ ပြည့်ခဲ့ ပါပြီ။ ၁၉၆၅ ခုနှစ် က ပြည်သူ့ အခွင့်အရေး ရပိုင်ခွင့် ကို တောင်းဆိုခဲ့တဲ့ လူမည်းခေါင်းဆောင် မာတင်လူသာကင်း ဟာ အာဖရိကန် အမေရိကန် လူမည်းတွေ ကို လူဖြူတွေ က နှိမ်ချဆက်ဆံ၊ နှိပ်စက် ညှဉ်းပန်းမှု တွေ ပြုတဲ့ အပြင် မဲပေးခွင့်ပါ မရတဲ့ အခြေအနေ တွေ ကို ပြောင်းလဲအောင်၊ လူမည်းတွေ ကို ဦးဆောင် တောင်းဆိုခဲ့ကြတာပါ။

ဒီအခါမှာ ဆယ်လ်မာ မြို့ ကနေ ပြည်နယ် မြို့တော် မွန်ဂိုမယ်ရီ ကို ချီတက် ဖို့ အက်ဒ်မန်ပဲတစ်စ် တံတား ကို ငြိမ်းချမ်း စွာ ဆန္ဒပြ ဖြတ်သန်းရာ မှာ ရဲတွေ က ဖြတ်ခွင့် မပြုဘဲ၊ မျက်ရည်ယို ဗုံးတွေ အသုံးပြုပြီး၊ လူ့အခွင့်အရေး လှုပ်ရှားတောင်းဆိုတဲ့ လူမည်းတွေ ကို ရက်ရက်စက်စက် ရိုက်နှက် နှိမ်နင်းကြ ပါတယ်။

အဲဒီ အချိန် က ချီတက်ဆန္ဒ ပြ သူတွေ ကို ဦးဆောင်လာသူ ၊လူမည်းအရေး လှုပ်ရှားသူ ခေါင်းဆောင်တဦး ရဲ့ သမီးဖြစ်သူ အယ်လီဇဘက် အိုမီလာမီ ကလည်း ဒီ သမိုင်းဝင်တံတား ကို နှစ် ၅၀ ပြည့် အထိမ်းအမှတ် အရ ဖြတ်သန်း လမ်းလျှောက် ဖို့ ရောက်နေကြ တဲ့ အကြောင်း၊ လှုပ်ရှားမှု ကို တံတား ဖြတ်လျှောက်ရုံ နဲ့ မပြီးဆုံး စေသလို နှစ်ပေါင်းများစွာ နှိပ်စက် ခံခဲ့ရတာတွေ ကနေ လွတ်မြောက် အောင်၊ အနာဂတ် မျိုးဆက်တွေ ဒီဆိုးကျိုး တွေ မခံရအောင် ဒါတွေကို လက်စ သတ်နိုင်အောင် ဆက်ပြီး လုပ်ကြပါစို့ လို့ အခန်းအနား မှာ ပြောသွားတာပါ။

ဒီလို အရိုက်အနှက် ညှဉ်းပန်းနှိပ်စက် ခံရပြီးတဲ့ နောက် တနှစ် မှာ ကွန်ဂရက် လွှတ်တော် ကနေ ကနေ လူမည်းတွေ ကို မဲပေးခွင့် ပြုလိုက်ပါတယ်။ ၁၉၆၅ ခု မတ်လ ၇ ရက် ကို အမေရိကန် သမိုင်းမှာ သွေးမြေကျတဲ့ တနင်္ဂနွေ Bloody Sunday အဖြစ် တင်စား သတ်မှတ် ကြပါတယ်။

လွန်ခဲ့တဲ့ နှစ်၅၀ က လူမည်းတွေ တောင်းဆိုခဲ့ တဲ့ သာတူညီမျှ အခွင့်အရေးတွေ ကို ဒီကနေ့ ပြည့်ပြည့်ဝဝ ရနေကြပါပြီလား။ မနေ့ က နှစ်၅၀ ပြည့် အခန်းအနား ကို သမ္မတ အိုဘားမား ဇနီးမောင်နှံ နဲ့ အတူ ကွန်ဂရက် လွှတ်တော် အမတ် ၁၀၀ ခန့် လည်း အက်ဒ်မန်ပဲတစ်စ် တံတားဖြတ် ချီတက်ပွဲ ကို တက်ရောက်ကြပါတယ်။

သမ္မတ အိုဘားမား ပြောသွားတဲ့ မိန့်ခွန်း ကတော့ ပြည်သူလူထု တွေ ရဲ့ အခွင့်အရေး၊ ရပိုင်ခွင့်တွေ ကို အကာအကွယ် ပေးနိုင်ဖို့ ဆက်လက် လုပ်ရ ဦးမယ် လို့ ဆိုယင်း လူထုတွေဟာ မျက်စိတွေ ၊နားတွေ၊ နှလုံးသားတွေ ကို ဆက်ပြီး ဖွင့်ထားဖို့ လိုသေးတဲ့ အကြောင်း၊ ဒီနိုင်ငံမှာ လူမျိုးခွဲခြား ဆက်ဆံမှု တွေ ဟာ အရိပ် အမည်းလို မိုးနေဆဲ မို့ ဒီ တောင်းဆိုမှု ချီတက်ပွဲ ဟာ မပြီးသေးပါဘူး။ ယှဉ်ပြိုင်ပွဲ ဟာလည်း မနိုင်သေးပါဘူး။ အမှန်တရား ကို ရဲရဲဝံ့ဝံ့ ရင်ဆိုင် နိုင်ဖို့ ဆက်ပြီး ချီတက်ဖို့ လိုပါသေးတယ် လို့ သမ္မတ အိုဘားမားက ပြောသွားတာပါ။

နှစ် ၅၀ ခရီး ဖြတ်သန်းလာချိန်မှာ ပြည်သူ လူထု ရပိုင်ခွင့် တချို့ရခဲ့တာ ရှိပေမဲ့၊ အခွင့်အရေး အပိုင်းမှာ ခွဲခြားမှုတွေ ရှိနေသေးတာ ကို လည်း သမ္မတ အိုဘားမား က ထောက်ပြ သွားပါသေးတယ်။