ဖာဂူဆန်မြို့ ဆန္ဒပြမှုအတွင်း ရဲ ၂ ဦး ပစ်ခတ်ခံရ

ဓာတ်ပုံ မူပိုင် AP
Image caption ရဲတွေကို တမင် ချိန်ရွယ် ပစ်ခတ်တာလို့ ယူဆ

အမေရိကန် ပြည်ထောင်စု၊ မစ်ဇူရီ ပြည်နယ်က ဖာဂူဆန် မြို့မှာ ပြီးခဲ့တဲ့ နှစ်က လူမည်း လူငယ်တစ်ဦး ပစ်သတ် ခဲ့ရမှုနဲ့ ပတ်သက်ပြီး ထပ်မံ ပေါ်ပေါက် ခဲ့တဲ့ မငြိမ်သက်မှုတွေ အတွင်းမှာ ဗုဒ္ဓဟူးနေ့ ညက ရဲအရာရှိ ၂ ဦး သေနတ်နဲ့ ပစ်ခတ် ခံခဲ့ရတယ်လို့ သိရပါတယ်။

ရဲ အရာရှိ တစ်ယောက်က မျက်နှာကို ထိမှန်ပြီး နောက် တစ်ယောက်က ပုခုံးကို ထိမှန်ခဲ့ကာ ပြင်းထန်တဲ့ ဒဏ်ရာတွေ ရခဲ့ကြတယ်လို့ စိန့်လူးဝစ် နယ်မြေ ရဲချုပ် Jon Belmar က ပြောပါတယ်။

ဖာဂူဆန်မြို့ ရဲဌာနမှာ လူမျိုးရေး ဘက်လိုက်မှုတွေ ရှိခဲ့တယ် ဆိုတဲ့ အစီရင်ခံစာကြောင့် ဖာဂူဆန်မြို့ ရဲချုပ် ရာထူးကနေ နုတ်ထွက်ခဲ့ ပြီးနောက် ဗုဒ္ဓဟူးနေ့ ညနေပိုင်းမှာ ဆန္ဒပြသူတွေ ရဲစခန်း ရှေ့မှာ စုရုံး ဆန္ဒပြချိန် အတွင်း ရဲအရာရှိ ၂ ဦး အခုလို ပစ်ခတ် ခံခဲ့ရတာပါ။

သေနတ်သံ အနည်းဆုံး ၃ ချက် ကြားခဲ့ရပြီး အဲဒီ ပစ်ခတ်မှုတွေဟာ ရဲတွေကို တိုက်ရိုက် ချိန်ရွယ် ပစ်ခတ်တာလို့ ယူဆကြောင်း ရဲချုပ် မစ္စတာ Belmar က ပြောပါတယ်။

မျက်မြင် သက်သေတွေကတော့ အဲဒီ ပစ်ခတ်မှုတွေဟာ ဆန္ဒပြသူတွေဆီက လာတာ မဟုတ်ဘဲ လမ်းတစ်ဘက် တောင်းကုန်းပေါ်က ပစ်ခတ်တာ ဖြစ်တယ်လို့ ဆိုကြပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ