စစ်ရာဇဝတ်မှုတွေ စစ်ဆေးဖို့ သီရိလင်္ကာ သမ္မတ ကတိပြု

ဓာတ်ပုံ မူပိုင် AFP
Image caption သီရိလင်္ကာ ပြည်တွင်းစစ် ပြီးဆုံးချိန်မှာ သမ္မတ ဆီရီဆန်နာက အစိုးရ အဖွဲ့ဝင် ဝန်ကြီး ဖြစ်နေ။

သီရိလင်္ကာ နိုင်ငံမှာ ပြည်တွင်းစစ် အတွင်း ကျူးလွန်ခဲ့တဲ့ စစ်ရာဇဝတ်မှု တွေနဲ့ ပတ်သက်ပြီး ဒေသတွင်း စုံစမ်း စစ်ဆေးမှု တစ်ခုကို တစ်လ အတွင်း စတင် ဆောင်ရွက်ဖို့ မျှော်လင့် ထားကြောင်း သီရိလင်္ကာ သမ္မတ မိုင်သရီပါလာ ဆီရီဆန်နာက ဘီဘီစီကို ပြောပါတယ်။

အဲဒီ စုံစမ်း စစ်ဆေးမှုမှာ ကုလသမဂ္ဂက စုံစမ်း စစ်ဆေးသူတွေ ပါဝင်မှာ မဟုတ်ပေမယ့် သူတို့ရဲ့ အမြင်တွေကိုတော့ ရယူ သွားမယ်လို့ သူက ပြောပါတယ်။

မစ္စတာ ဆီရီဆန်နာ မတိုင်မီ ယခင် သမ္မတဟောင်း မဟင်ဒါ ရာဂျာပက်ခ်စာ လက်ထက် တုန်းကတော့ ကုလသမဂ္ဂနဲ့ ပူးပေါင်း ဆောင်ရွက်မှု မှန်သမျှကို တောက်လျှောက် ငြင်းပယ် ခဲ့ပါတယ်။

၂၀၀၉ ခုနှစ်ကမှ ပြီးဆုံးခဲ့တဲ့ ၂၆ နှစ်ကြာ ပြည်တွင်းစစ် အတွင်းမှာ အစိုးရ စစ်တပ်ရော တမီလ် ကျား သူပုန်တွေပါ နှစ်ဘက်စလုံးက ကြမ်းကြုတ် ရက်စက်မှုတွေ ကျူးလွန် ခဲ့ကြတယ်လို့ စွပ်စွဲ ခံထားရပါတယ်။

သီရိလင်္ကာ ပြည်တွင်းစစ်ကြောင့် သေဆုံးသူ ၈ သောင်း ကနေ တစ်သိန်း အထိ ရှိခဲ့တယ်လို့ ခန့်မှန်းရပါတယ်။

ပြည်တွင်းစစ် ပြီးဆုံးခါနီး လပိုင်းတွေမှာ အစိုးရ တပ်ရဲ့ ပစ်ခတ်မှုတွေကြောင့် ထောင်နဲ့ချီတဲ့ တမီလ် အရပ်သားတွေ သေဆုံး ခဲ့ရတယ်လို့ ယူဆရပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ