ကမ္ဘာ့ ကာဗွန် ထုတ်လွှတ်မှု ၂၀၁၄ မှာ တည်ငြိမ်ခဲ့

ဓာတ်ပုံ မူပိုင် Getty
Image caption တရုတ် နိုင်ငံက ပြန်ပြည့်မြဲ စွမ်းအင် အတွက် ကမ္ဘာ့ အကြီးဆုံး ရင်းနှီးမြှုပ်နှံသူ ဖြစ်လာ

နိုင်ငံတကာ စွမ်းအင် အေဂျင်စီရဲ့ အချက်အလက် အသစ်တွေ အရ ကမ္ဘာ့ ကာဗွန်ဒိုင် အောက်ဆိုဒ် ထုတ်လွှတ်မှု ပမာဏဟာ ပြီးခဲ့တဲ့ နှစ်မှာ တိုးမလာဘဲ တည်ငြိမ် နေခဲ့တယ်လို့ သိရပါတယ်။

စီးပွားရေး ကျဆင်းမှုကြောင့် မဟုတ်ဘဲ ကာဗွန် ထုတ်လုပ်မှု ပမာဏ အခုလို တည်ငြိမ် နေတာဟာ နှစ်ပေါင်း ၄၀ အတွင်း ပထမဆုံး အကြိမ် ဖြစ်တယ်လို့ အေဂျင်စီက ပြောပါတယ်။

၂၀၁၄ အတွက် ကမ္ဘာ့ ကာဗွန် ထုတ်လွှတ်မှု ပမာဏဟာ ၂၀၁၃ က အတိုင်း မပြောင်းလဲဘဲ တန်ချိန်ပေါင်း ၃၂ ဘီလျံ ရှိခဲ့တယ်လို့ ဆိုပါတယ်။

ဒီ အချက်အလက်တွေ အရ ကမ္ဘာ့ ရာသီဥတု ပြောင်းလဲမှုကို တားဆီးနိုင်ဖို့ ကြိုးပမ်းချက် တွေဟာ အရင် မျှော်မှန်း ထားတာထက် ပိုမို ထိရောက်ခဲ့တယ် ဆိုတာ ညွှန်ပြ နေပါတယ်။

အခုလို ကာဗွန် ထုတ်လွှတ်မှု ထပ်တိုး မလာတဲ့ အကြောင်းက စီးပွားရေး ပူးပေါင်း ဆောင်ရွက်မှုနဲ့ ဖွံ့ဖြိုးရေး အဖွဲ့ (OECD) အဖွဲ့ဝင် နိုင်ငံတွေနဲ့ တရုတ် နိုင်ငံတို့ရဲ့ စွမ်းအင် အသုံးချပုံ ပြောင်းလဲ လာတာကြောင့် ဖြစ်တယ်လို့ သုံးသပ်သူတွေက ဆိုပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ