အခြေခံ သင်္ချာ မတတ်လို့ သတို့သမီးက ထားသွားခဲ့

ဓာတ်ပုံ မူပိုင် epa
Image caption အိန္ဒိယက မင်္ဂလာပွဲ အတော်များများကို မိသားစုတွေကသာ စီစဉ်ပေးလေ့ ရှိကြ

အိန္ဒိယ နိုင်ငံ၊ အူတာ ပရာဒက်ရှ် ပြည်နယ်က မင်္ဂလာဆောင် တစ်ခုမှာ သတို့သမီးက သတို့သားကို ရိုးရှင်းတဲ့ သင်္ချာ ပုစ္ဆာ တစ်ခု မေးမြန်းရာမှာ မှန်အောင် မဖြေနိုင်တဲ့ အတွက် သတို့သမီးက မင်္ဂလာပွဲကနေ ထွက်သွား ခဲ့တယ်လို့ အူတာ ပရာဒက်ရှ် ပြည်နယ် ရဲတပ်ဖွဲ့က ပြောပါတယ်။

၁၅ နဲ့ ၆ ပေါင်းရင် ဘယ်လောက် ရသလဲလို့ မေးမြန်း ရာမှာ သတို့သားက ၁၇ ရတယ်လို့ ပြန်ဖြေခဲ့လို့ သတို့သမီးက မင်္ဂလာပွဲကို ဖျက်ခဲ့ တာပါ။

သတို့သားရဲ့ မိသားစုတွေက မင်္ဂလာပွဲ ဆက်လုပ်ဖို့ ဖြောင်းဖျခဲ့ပေမယ့် သတို့သမီး ဘက်က လက်မခံဘဲ သတို့သားဟာ စာ ကောင်းကောင်း မတတ်ဘူးလို့ ပြောပြီး ငြင်းပယ် ခဲ့ပါတယ်။

မင်္ဂလာပွဲ အတွက် ပေးထားတဲ့ လက်ဖွဲ့နဲ့ လက်ဆောင်တွေကို နှစ်ဘက် မိသားစုဝင်တွေက ပြန်လည် ပေးအပ်ရာမှာ ရဲတပ်ဖွဲ့က ကူညီခဲ့တယ် လို့လည်း ဆိုပါတယ်။

အိန္ဒိယ နိုင်ငံက လက်ထပ် ထိမ်းမြားမှု အတော်များများကို နှစ်ဘက် မိသားစုတွေက စီစဉ် ပေးစားလေ့ ရှိကြပြီး ကာယကံရှင် သတို့သားနဲ့ သတို့သမီးတွေ အနေနဲ့ တစ်ယောက် အကြောင်း တစ်ယောက် ကောင်းကောင်း မသိကြတာ များပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ