လန်ဒန် ပါလီမန် ရင်ပြင်မှာ ဂန္ဒီရုပ်တု ဖွင့်လှစ်

  • 14 မတ် 2015
gandhi_statue_unveiling_ ဓာတ်ပုံ မူပိုင် AP
Image caption ဂန္ဒီရုပ်တုကို ဗြိတိသျှ ဝန်ကြီးချုပ် ဖွင့်လှစ်ပေးခဲ့

အိန္ဒိယ လွတ်လပ်ရေး လှုပ်ရှားမှုရဲ့ ခေါင်းဆောင်ကြီး ဖြစ်တဲ့ မဟတ္တမ ဂန္ဒီရဲ့ ကြေးသွန်း ရုပ်တုကြီးကို ဒီနေ့ လန်ဒန်မြို့မှာ ဗြိတိသျှ ဝန်ကြီးချုပ် ဒေးဗစ် ကင်မရွန်းက ဖွင့်လှစ်ပေး လိုက်ပါတယ်။

ဂန္ဒီ တောင်အာဖရိက နိုင်ငံကနေ အိန္ဒိယနိုင်ငံ ကိုယ်ပိုင် အုပ်ချုပ်ရေး ရဖို့အတွက် လှုပ်ရှားမှုတွေ စဖို့ ပြန်လာခဲ့တာ နှစ် ၁၀၀ ပြည့်တဲ့အထိမ်းအမှတ် အဖြစ် အခမ်းအနားနဲ့ ဖွင့်လှစ်ပေးခဲ့တာ ဖြစ်ပါတယ်။

ဒီရုပ်တုကြီးက ပါလီမန် ရင်ပြင်မှာ ထားရှိတာ ဖြစ်ပြီး အိန္ဒိယ အမျိုးသားတွေထဲမှာ ပထမဆုံး ဒီလို ဂုဏ်ပြုခံရသူလည်း ဖြစ်ပါတယ်။

ဒီရင်ပြင်မှာ ဂန္ဒီက လွတ်မြောက်ဖို့ ကြိုးစား ခဲ့တဲ့ ဗြိတိသျှ အင်ပါယာကြီးကို အစွမ်းကုန် ကာကွယ်ပေးခဲ့သူ ဖြစ်တဲ့ ဆာ ဝင်စတန် ချာချီလ် လို သမိုင်းဝင် ပုဂ္ဂိုလ် ကြီးတွေရဲ့ ရုပ်တုကြီးတွေလည်း ရှိပါတယ်။

ဂန္ဒီဟာ အိန္ဒိယ နိုင်ငံ လွတ်လပ်ရေး ရခဲ့ပြီး လအတန် အကြာ ၁၉၄၈ ခုနှစ်မှာ လုပ်ကြံခံခဲ့ရပါတယ်။