ဆိုင်ကလုန်း ပန် ကြောင့် ပျက်စီးမှုတွေ များ

  • 15 မတ် 2015
Vanuatu ဓာတ်ပုံ မူပိုင် AP
Image caption မုန်တိုင်းက တစ်နာရီ မိုင် ၁၇၀ ထိ တိုက်ခဲ့

ပစိဖိတ်သမုဒ္ဒရာတောင်ပိုင်း၊ သြစတြေးလျှရဲ့ အရှေ့မြောက် မိုင် ၁၀၀၀ ကျော်လောက်ဝေးတဲ့ ဗန်နူအာတူ ကျွန်းစုတွေကို သောကြာညက ပြင်းထန်တဲ့ ဆိုင်ကလုန်း တိုက်ခတ်ခဲ့ပြီး ကြီးကြီးမားမား ပျက်စီးမှုတွေ ရှိခဲ့ပါတယ်။

အဆင့် ၅ ရှိတဲ့ Pam ဆိုင်ကလုန်းမုန်တိုင်းဟာ တောင်ပစိဖိတ်မှာ ဘယ်တုံးကမှ မကြုံဘူးတဲ့ အပြင်းထန်ဆုံး မုန်တိုင်းဖြစ်ပါတယ်။

ပန် ဆိုင်ကလုန်းမုန်တိုင်းဟာ တစ်နာရီကို မိုင် ၁၇၀ လောက် တိုက်ခတ်ခဲ့ပြီး မိုးလည်း အကြီးအကျယ် ရွာချခဲ့ပါတယ်။

ဗန်နူအာတူနိုင်ငံဟာ ကျွန်းငယ် ၆၅ ကျွန်းပေါ်မှာ ရှိပြီး လူဦးရေ ၂ သိန်း ၇ သောင်းလောက်က ကျွန်းအသီးသီးမှာ ဖြန့်ကျန့် နေကြတာ ဖြစ်ပါတယ်။ ပို့ ဗီလာမြို့တော်မှာတော့ လူ ၅ သောင်းနီးပါး နေကြပါတယ်။

ပြင်သစ်အခြေစိုက် ကြက်ခြေနီအဖွဲ့အကြီးအကဲ ပြောတာကတော့ အခြေအနေက သိပ်ဆိုးရွားတယ်၊ တချို့ရွာတွေဆိုရင် ရွာလုံးကျွတ် ရေထဲကို ပါသွားတယ်လို့ ပြောပါတယ်။

တစ်နေရာမှာတော့ လူ ၄၀ ကျော်သေဆုံးတယ်လို့ အတည်မပြုနိုင်သေးတဲ့ သတင်းတွေ ထွက်နေပါတယ်။

အပျက်အစီးပမာဏကို မတွက်ချက်နိုင်သေးပေမယ့် အိမ်တွေ အမြောက်အများ ပျက်စီးခဲ့ပါတယ်။ ထောင်နဲ့ချီတဲ့ လူတွေလည်း ဒုတိယမြောက်ညအဖြစ် ယာယီခိုလှုံရာစခန်းတွေမှာ အိပ်ခဲ့ရပါတယ်။

အခုအခါ ကူညီကယ်ဆယ်ရေးလုပ်ငန်းတွေ တိုးမြှင့်လုပ်ဆောင်နေကြပါတယ်။

ဗန်နူအာတူ သမ္မတ ဘော်ဒွင် လောင်းစဒေးလ် ကလည်း နိုင်ငံတကာဘက်က အရေးပေါ်အကူအညီတွေ အမြန်ဆုံးပေးကြဖို့ ပန်ကြားထားပါတယ်။