ဗန်နာဝါတူမှာ မုန်တိုင်းကြောင့် အပျက်အစီးများပြား

  • 14 မတ် 2015
pam_cyclone ဓာတ်ပုံ မူပိုင် No credit
Image caption မုန်တိုင်း ဝင်ရောက်တိုက်ခတ်စဉ်

ပစိဖိတ် သမုဒ္ဒရာ ထဲက ဗန်နာဝါတူ ကျွန်းနိုင်ငံကို ဆိုင်ကလုံး မုန်တိုင်း ပမ်း ဝင်ရောက် တိုက်ခတ် သွားခဲ့ရာမှာ အပျက်အစီး များပြားတယ်လို့ လူမှုကူညီရေး အဖွဲ့တွေက ပြောပါတယ်။

မျက်မြင်တွေရဲ့ အဆိုအရေ အိမ်တွေဆို အမြစ်က ကျွတ်သွားခဲ့ ပြီး နောက်ပိုင်းဆောက်တဲ့ ခေတ်မှီ တိုက်တွေလည်း ပြိုလဲတဲ့အထိ ဖြစ်တယ်လို့ ဆိုပါတယ်။

ကျွန်းပေါင်း ၆၅ ခုနဲ့ ဖွဲ့စည်းထားတဲ့ နိုင်ငံဖြစ်တဲ့အတွက် ခုချိန်မှာ အပျက်အစီး ပမာဏကို ပြောနိုင်ဖို့ရာ စောလွန်း သေးတယ်လို့ အဲဒီက ကယ်ဆယ်ရေး အဖွဲ့တွေက ပြောပါတယ်။

လောလောဆယ်မှာ လူထောင်ပေါင်း များစွာဟာ ကျောင်းတွေနဲ့ ခရစ်ယာန် ဘုရားရှိခိုး ကျောင်းတွေ ထဲမှာ ခိုလှုံနေကြရသလို မြို့တော် ပို့တ် ဗီလ်လာမှာလည်း လူတွေဟာ လမ်းတွေပေါ်မှာ ဦးတည်ရာမဲ့ လျှောက်သွား နေကြတယ်လို့ ဆိုပါတယ်။

အဲဒီမြို့တော်ပို့ ဗီလ်လာမှာ ရှိတဲ့ ကုလသမဂ္ဂ ဝန်ထမ်း အလစ္စကလဲမင့်စ် ကတော့ အင်မတန် တောင့်တင်းတဲ့ အိမ်တွေမှာ နေရတဲ့လူတွေ အတွက်တောင်မှ အင်မတန် ကြောက်ကစရာ ကောင်းတယ်လို့ဆိုပါတယ်။ သူ့နေတဲ့ ဟိုတယ်ရဲ့ မှန်တံခါးတွေ ကွဲထွက်သွားပြီး လသာဆောင်ပါ ကျိုးပျက်သွားခဲ့တဲ့ အကြောင်းနဲ့သူလည်း ကြောက်လို့ တညလုံး ရေချိုးခန်းထဲမှာ ဝင်ခိုနေခဲ့ရတဲ့ အကြောင်းပြောပါတယ်။

လက်ရှိ အချိန်အထိတော့ လူ ၈ ဦးသေဆုံးခဲ့ပြီး ဖြစ်တယ်လို့ အတည်ပြု ထားပါတယ်။