အကူအညီတွေ ချက်ချင်းပေးဖို့ ဗန်နူအာတူ သမ္မတ ပြော

ဓာတ်ပုံ မူပိုင် AFP
Image caption ပို့တ်ဗီလာ မြို့တော်မှာ အဆောက်အဦ အားလုံး ပျက်စီးခဲ့တယ်လို့ ဆို

ပြီးခဲ့တဲ့ သောကြာနေ့က တိုက်ခတ်ခဲ့တဲ့ Pam ဆိုင်ကလုန်း မုန်တိုင်းကြောင့် ပစ္စိဖိတ် ကျွန်းနိုင်ငံ ဗန်နူအာတူ အတွက် အကူအညီတွေ အမြန်ဆုံး လိုအပ် နေတယ်လို့ ဗန်နူအာတူ နိုင်ငံ သမ္မတ Baldwin Lonsdale က ပြောလိုက် ပါတယ်။

ဗန်နူအာတူ နိုင်ငံရဲ့ အခုနှစ်ပိုင်း အတွင်း တိုးတက်မှုတွေ အားလုံးကို အဲဒီ ပမ် ဆိုင်ကလုန်း မုန်တိုင်းက ဖျက်ဆီး ပစ်လိုက်တယ် လို့လည်း သမ္မတ လွန်စ်ဒေးလ် က ပြောပါတယ်။

ကမ္ဘာ့ အဆင်းရဲဆုံး နိုင်ငံ တစ်ခု ဖြစ်တဲ့ ဗန်နူအာတူ ကျွန်းစု နိုင်ငံအတွက် အကူအညီတွေ ရောက်ရှိ လာပြီ ဖြစ်ပေမယ့် နိုင်ငံရဲ့ တချို့ ကျွန်းစုတွေနဲ့ အဆက်အသွယ် ပြတ်တောက် နေဆဲ ဖြစ်ပါတယ်။

ကယ်ဆယ်ရေး အေဂျင်စီတွေကတော့ စားစရာ၊ သောက်သုံးရေနဲ့ မိလ္လာ စနစ်တွေ လိုအပ်နေမှုနဲ့ ပတ်သက်လို့ ဒေသတွင်း ကြုံခဲ့ဖူးသမျှ ပျက်စီးမှုတွေ ထဲမှာ အဆိုးရွားဆုံး အခြေအနေ တစ်ခု ဖြစ်တယ်လို့ ပြောကြပါတယ်။

ဗန်နူအာတူ အရာရှိတွေ အနေနဲ့ အစွန်အဖျားက ကျွန်းတွေနဲ့ အဆက်အသွယ် မရသေးတဲ့ အတွက် ပျက်စီး ဆုံးရှုံးမှု အတိုင်း အတာကို ပြောနိုင်ဖို့ ခက်ခဲ နေပါတယ်။

မြို့တော် ပို့တ် ဗီလာမှာ မပျက်မစီး ကျန်နေတဲ့ အဆောက်အဦ တစ်ခုမှ မရှိတော့ဘူးလို့လည်း အဲဒီမှာ ရောက်နေတဲ့ ဘီဘီစီ သတင်းထောက်က ပြောပါတယ်။

သောင်းနဲ့ ချီတဲ့ ဒုက္ခသည်တွေဟာ အမိုးအကာ မရှိဘဲ နေခဲ့ရတာ ၄ ည ရှိပြီ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ