အစ္စရေး ရွေးကောက်ပွဲ အကြိတ်အနယ် ပြိုင်ရ

netanyahu ဓာတ်ပုံ မူပိုင် Reuters
Image caption အခက်အခဲတွေကြားနေ ရလာတဲ့ အောင်ပွဲ ရလဒ် ဖြစ်တယ်

အစ္စရေး နိုင်ငံမှာ ပြီးခဲ့တဲ့ နာရီပိုင်းကတင်ပဲ ရွေးကောက် ပွဲတွေ ကျင်းပပြီးသွားပြီ ဖြစ်ပါတယ်။

ရွေးကောက်ပွဲ ကနေ မဲပေးပြီး ထွက်လာသူ တွေကို စစ်တမ်း ကောက်ယူခဲ့မှု တွေအရ ဝန်ကြီးချုပ် ဘန်ညာမင် နက်တာညာဟု ရဲ့ လီကွတ် ပါတီ နဲ့ အတိုက်အခံ ဗဟို လက်ဝဲ Zionist Union ပါတီတို့ အကြား သူမသာ ကိုယ်မသာ အခြေအနေ မှာ ရှိနေတယ် လို့ သိရပါတယ်။

ဒီရွေးကောက် ပွဲမှာ မဲပေးခွင့် ရှိသူ စုစုပေါင်း ရဲ့ ၆၅ ရာခိုင်နှုန်း မဲပေး ခဲ့ကြတာပါ။

အစ္စရေး ရုပ်မြင်သံကြား ဌာနတွေ ဖြစ်တဲ့ Channel One နဲ့ Channel 10 တို့ ဦးစီး လုပ်တဲ့ စစ်တမ်း ကောက်ယူမှု တွေ အရ လီကွတ်ပါတီနဲ့ Zionist Union ပါတီ တို့ အမတ်နေရာ ၂၇ နေရာစီ အနိုင်ရ ထားကြတယ် လို့ သိရပါတယ်။

Channel 2 ရုပ်မြင်သံကြား ဌာနရဲ့ စစ်တမ်း မှာတော့ လီကွတ် ပါတီက အမတ်နေရာ တနေရာ ပိုရထားပြီး ၂၈ နေရာ အနိုင်ရထားတယ်လို့ ဆိုပါတယ်။

တဲလ်ဗိဗ်မြို့မှာ ရှိတဲ့ လီကွတ် ပါတီ ဌာနချုပ်က ပါတီ မဲဆွယ် စည်းရုံးရေးမှူး Jeremy Winfeimer ကတော့ မစ္စတာ နက်တာညာဟု အနိုင်ရမယ် ဆိုတာ သူ့အနေနဲ့ တထစ်ချ ယုံတယ်လို့ ပြောပါတယ်။

ဓာတ်ပုံ မူပိုင် Reuters
Image caption ဇီယွန်နစ် သမဂ္ဂ က သူတို့ပဲ အစိုးရ ဖွဲ့ဖို့ များတယ် ပြော

အတိုက်အခံ Zionist Union ပါတီဝင် တဦး ကတော့ နောက်ဆုံး ရလဒ် တရားဝင် ထွက်လာမှ အနိုင်အရှုံး ကို အသေအချာ ပြောနိုင်မယ် လို့ ဆိုပါတယ်။

အစ္စရေး အာရပ်တွေ ကြီးစိုးတဲ့ ပါတီတွေရဲ့ မဟာမိတ် ပါတီ တခုဖြစ်တဲ့ The Joint Arab List ပါတီက အမတ်နေရာ ၁၃ နေရာ ထောက်ခံမဲ ရထားတယ် လို့ စစ်တမ်းတွေအရ သိရပါတယ်။

ဒါပေမယ့် လည်း အဲဒီပါတီက ညွန့်ပေါင်း အစိုးရထဲမှာ သူတို့ ပါမှာ မဟုတ်ဘူးလို့ ပြောပါတယ်။

အစ္စရေး နိုင်ငံရဲ့ မဲပေးစနစ်အရ ဘယ်ပါတီကမှ အပြတ်အသတ် အနိုင်ရလေ့ မရှိဘဲ မဲရလဒ်တွေ ထွက်လာပြီးနောက်မှာ ညွန့်ပေါင်း အစိုးရ ဖွဲ့ရလေ့ ရှိပါတယ်။

နောက်ဆုံး မဲရလဒ်တွေကိုတော့ ဒီကနေ့ နှောင်းပိုင်း အထိ သိရအုံးမှာ မဟုတ်သေးပါဘူး။

ဝန်ကြီးချုပ် နက်တာညာဟုကတော့ အခု ထွက်ပေါ်လာတဲ့ ရလဒ်ဟာ အခက်အခဲတွေကြားနေ ရလာတဲ့ အောင်ပွဲ ရလဒ် ဖြစ်တယ် ဆိုပြီး ပြောပါတယ်။

တကယ်လို့ မစ္စတာ နက်တာညာဟု သာ လေးကြိမ်မြောက် ဝန်ကြီးချုပ် သက်တမ်း အတွက် ပြန်အရွေးခံရမယ် ဆိုရင် သူဟာ အစ္စရေးနိုင်ငံရဲ့ သက်တမ်း အကြာဆုံး ဝန်ကြီးချုပ် ဖြစ်လာမှာပါ။

မစ္စတာ နက်တာညာဟုက သူအနိုင်ရခဲ့မယ် ဆိုရင် ပါလက်စတိုင်း နိုင်ငံ ထူထောင်ခွင့် ပေးမှာ မဟုတ်ဘူးလို့ ကတိပြုထားတာပါ။

Zionist Unionပါတီ ကတော့ ပါလက်စတိုင်းနဲ့ ရော နိုင်ငံတကာ အသိုင်းအဝိုင်းနဲ့ပါ ဆက်ဆံရေးတွေ ပိုကောင်းလာအောင် ပြုပြင်ဆောင်ရွက်သွားမယ်လို့ ပြောထားတာ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ