တူနီးရှားနဲ့ အကြမ်းဖက်မှု အန္တရာယ်

  • 18 မတ် 2015
tunisia ဓာတ်ပုံ မူပိုင် epa
Image caption တူနီးရှား အကြမ်းဖက် တိုက်ခိုက်မှုကို နှိမ်နင်းခဲ့

တူနီးရှား မြို့တော်က ပြတိုက်ကြီး ကို စီးနင်း တိုက်ခိုက်မှု တွေ မနေ့ညနေက ဖြစ်ပွားခဲ့ပြီးနောက် အခြေအနေတွေ ပြန်လည် ထိန်းချုပ် နိုင်ခဲ့ပြီး အနီး ပတ် ဝန်းကျင် နေရာတွေမှာ ရှာဖွေရေးတွေ ဆက်လက် လုပ်ဆောင် နေပါတယ်။

တူနီးရှား နိုင်ငံမှာ အာရပ် နွေဦး လှုပ်ရှားမှု တွေတုန်းက တခြား အိမ်နီးချင်း နိုင်ငံတွေမှာလို ဆူပူ အုံကြွမှု တွေ နဲ့ တိုင်းပြည် ပျက်လုမတတ် အကြီးအကျယ် မဖြစ်ခဲ့ပေမယ့်လည်း အစ္စလာမ္မစ် အစွန်းရောက် တွေရဲ့ အသေခံ တိုက်ခိုက်မှုတွေက တခါတလေ ရှိနေခဲ့ ပါတယ်။

၂ဝ၁၃ ခုနှစ်က တိုက်ခိုက်မှုမှာ လူ ၂၂ ယောက် သေဆုံးခဲ့ပြီး မနှစ် ကတော့ ၄၅ ယောက်ထိ သေဆုံးခဲ့တယ်။ ဖေဖော်ဝါရီ လကလည်း ရဲ အရာရှိ ၄ ယောက်ကို တောင်ပေါ် စစ်ဆေးရေးဂိတ် တခုမှာ သတ်သွားတာ မျိုးတွေ ရှိခဲ့တယ်လို့ ဘီဘီစီ လုံခြုံရေး သတင်းထောက် Frank Gardner က ပြောပါတယ်။

တူနီးရှားကနေ IS အစ္စလာမ္မစ် နိုင်ငံ တပ်တွေထဲ ရောက်သွားတဲ့ ဦးရေ ကလည်း နိုင်ငံနဲ့ မလိုက် မြင့် မားနေပါတယ်။ ဆီးရီးယားနဲ့ အီရတ်မှာ တိုက်ခိုက်နေကြတဲ့ တူနီးရှားက လူ ၃ ထောင် ကျော် ရှိပြီး ရက်စက် ကြမ်းကြုတ်တယ်လို့လည်း ကျော်စော ပါတယ်။ ဒီလူတွေ တိုင်းပြည် ပြန်လာပြီး အကြမ်းဖက် တွေ လုပ်လာမှာ စိုးရိမ် နေကြပြီး အိမ်နီးချင်း လစ်ဗျား မှာလည်း စစ်သွေးကြွ တွေက အပြင်းအထန် နယ်မြေလု နေကြတာ ဖြစ်ပါတယ်။

အခင်း ဖြစ်ပွားရာ ပြတိုက်နားမှာ ရှိနေတဲ့ Yasmine Ryan က ပြတိုက်နားမှာ လူအုပ်ကြီးက ၅ဝဝ လောက် ဖြစ်လာပြီး ရဟတ်ယာဉ်တွေ ကောင်းကင်မှာ ဝဲပျံ နေပြီး တင့်ကားတွေ လှိမ့်ဝင်လာတယ် လို့ သူက ပြောပါတယ်။

ဒီတိုက်ခိုက်မှုဟာ နိုင်ငံရေး အကူးအပြောင်း ကာလတွေကို အကြာကြီး ဖြတ်သန်း လာခဲ့ရတဲ့ တူနီးရှား ရဲ့ ခရီးသွား လုပ်ငန်းကို အကြီးအကျယ် အထိနာစေ တယ်လို့လည်း ဘီဘီစီ အာရပ် ရေးရာ အယ်ဒီတာ Sebastian Usher က ပြောပါတယ်။

ဒီလို အထင်ကရ နေရာကြီး တခုကို တိုက်ခိုက်ခံရမှုဟာ ၂ဝဝ၂ ခုနှစ် က အယ်ခိုင်ဒါ တိုက်ခိုက်မှု နောက်ပိုင်း တူနီးရှား တွေ အတွက် မကြုံဖူးတာ ကြာပါပြီ။ ဒီအတွက် လူတွေ အတော် တုန်လှုပ် ကြတယ်လို့ ဘီဘီစီ တူးနစ် မြို့က သတင်းထောက်က ပြောပါတယ်။

အစ္စလာမ္မစ် စစ်သွေးကြွ တွေက အာရပ် နွေဦး လှုပ်ရှားမှု ရဲ့ အကောင်းဆုံး ရလဒ် ဖြစ်တဲ့ တူနီးရှား ရဲ့ ဒီမိုကရေစီ ကူးပြောင်းမှု ကို ပျက်ပြားအောင် ကြိုးစား နေကြတယ် လို့လည်း ဆိုပါတယ်။

အီးယူ၊ အမေရိကန်နဲ့ တခြား နိုင်ငံကြီးတွေကလည်း ဒီတိုက်ခိုက်မှု ဒဏ်က ရုန်းထ နိုင်ဖို့ တူနီးရှား အစိုးရကို ထောက်ခံအားပေး ခဲ့ကြပါတယ်။

မကြာခင်ကမှ ပါရီ မြို့ တိုက်ခိုက်မှုနဲ့ ကြုံခဲ့ရတဲ့ ပြင်သစ် သမ္မတ ဖရန်ဆွာ အော်လန်းက တူနီးရှား သမ္မတဆီ ဖုန်းနဲ့ ဆက်ပြီး အားပေးခဲ့ပါတယ်။

အကြမ်းဖက် တိုက်ခိုက်မှု ဘယ်မှာ ဖြစ်ဖြစ်၊ အားလုံးမှာ သက်ရောက်မှု ရှိတဲ့ အတွက် ဖုန်းဆက်ပြီး သွေးစည်း ညီညွတ်ကြောင်း ပြခဲ့တယ်လို့ မစ္စတာ အော်လန်းက ပြောကြား ခဲ့ပါတယ်။

တူနီးရှား ဝန်ကြီးချုပ် Habib Essid က တော့ အသေမိတဲ့ အကြမ်းဖက်သမား တွေရဲ့ နောက်ကြောင်းကို သေချာ မသိနိုင်သေးဘဲ သူတို့ကို ကူမယ့် ၂ ယောက် ၃ ယောက်လောက် ရှိနိုင်တယ်လို့ ပြောပါတယ်။

တိုက်ခိုက်မှု ဖြစ်ပွားချိန် အတွင်း အနားက လွှတ်တော်ထဲမှာ အကြမ်းဖက် တိုက်ဖျက်ရေး ဥပဒေ ပြုဖို့ တူနီးရှား အမတ်တွေက ဆွေးနွေးနေကြလို့ သူတို့ကို ဘေးကင်းရာ ရွှေ့ပြောင်း ပေးခဲ့ရပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ